စစ်ကိုင်းငလျင်ကြောင့် အင်း၀မြို့ဟောင်း၏ ရေနန်းဆောင် တွေ့ရှိရဟု စစ်ကောင်စီက သတင်းထုတ်ပြန်

by

in

စစ်ကိုင်းငလျင်ကြောင့် အင်း၀မြို့ဟောင်း၏ ရေနန်းဆောင် တွေ့ရှိရဟု စစ်ကောင်စီက သတင်းထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းငလျင်ကြောင့် ရတနာပူရ အင်း၀မြို့ဟောင်း၏ ရေနန်းဆောင်တစ်ခုကို တွေ့ရှိရကြောင်း စစ်ကောင်စီ၏ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်သူပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့ မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက် တည်ဆောက်ခဲ့သည့် ရေနန်းတော်ဆိုသည်မှာ လက်ဝဲနော်ရထာ အမတ်၏ ပုရပိုက်ပုံတွင် တွေ့ရှိရကြောင်း၊ ယခုတွေ့ရှိရသည့် အဆောက် အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ် ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် ငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရကြောင်း သိရှိရသည်။
ထို့ကြောင့် ဧပြီလ ၆ ရက်နေ့မှ စတင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ပန္နက်အုတ်ခုံ အလျား ၁၀ ပေ ၆ လက်မ၊ အနက် ၃ ပေ ၈ လက်မ၊ အုတ်ခံထောင့်ချိုး ၂ ပေ ၆ လက်မ၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး ၁၈ လက်မ၊ လက်ရုံးဒေါင့်ချိုး ၈ လက်မ၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး ၁၁ ပေ ၄ လက်မတို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။
လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက် အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်နိုင်ကြောင်း၊ အလျား ပေ ၂၀၀ မှ ၂၅၀ ပေနှင့် အနံ ပေ ၂၀၀ ခန့် သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း၊ အနီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား ၈ ခုမှ ၁၀ ခုအထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း၊ ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်း၊ ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း၊ အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိရကြောင်း သတင်းထုတ်ပြန်သည်။
သို့ဖြစ်၍ စစ်ကောင်စီ၏ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော် ထုတ်သွားမည်ဟု သတင်းထုတ်ပြန်သည်