ရန်ကုန်နှင့် ကရင်တွင် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူမှုများ အကြီးအကျယ်ဖြစ်နေပြန်
ရန်ကုန်၊ ဧပြီ ၈
ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်နေပြီး မဲပေါက်သူများက စစ်မှုမထမ်းလိုလျှင်သော်လည်းကောင်း၊ ရွှေ့ဆိုင်းလိုလျှင်သော်လည်းကောင်း ၁ ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရကြောင်း ငွေကြေးပေးဆောင်ခဲ့ရသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ် အမှတ် ၁၁ ရပ်ကွက်တွင် စစ်တပ်က ခန့်အပ်ထားသော ရပ်ကွက် အုပ် ချုပ် ရေး အဖွဲ့က လူငယ်များကို တစ်အိမ်တက်ဆင်း လိုက်လံ မဲနှိုက်ခိုင်းခြင်းဖြစ်ကြောင်း၊ ထိုသို့ မဲနှိုက်ခိုင်းစဉ် မဲပေါက်သည့် လူငယ်များကို စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရပြီး မဲမပေါက်သည့် လူငယ်များကို တစ်ဦးလျှင် ငွေကျပ် ၈ သောင်း တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းရန် မဲပေါက်သူများနှင့် မဲမပေါက်သည့် လူငယ်များထံမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့က ပိုက်ဆံ တိုက်ရိုက် တောင်းယူခြင်းမဟုတ်ဘဲ ကိုယ်စားလှယ်များစေလွှတ်၍ ပိုက်ဆံများ လိုက်လံ ကောက်ခံခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
“အခုက သူတို့ အုပ်ချုပ်ရေးမှူး မပါဘဲ ရပ်မိရပ်ဖ ၁၀ ဦးအဖွဲ့ နဲ့လာတာ အရှေ့ဒဂုံ ၁၁ ရပ်ကွက်မှာပါ။ ၂ ဦး မဲပေါက် သွားတယ်လို့သိရတယ်။ တစ်ယောက်က တပင်ရွှေထီး လမ်းက နောက်တစ်ယောက်က ဧရာဝတီလမ်းက လို့ သိရတယ်။ မဲပေါက်လို့ စစ်ထဲ မလိုက်ချင်ရင် ၁ ဦးကို ၁၅ သိန်းပေးရတယ်။ မဲမပေါက်တဲ့ အိမ်တွေက ၈ သောင်းပေးရတယ်။ ပိုက်ဆံ လိုက်ကောက်တော့ သူတို့မလာဘဲနဲ့လမ်းမှူး မိန်းမတွေကို လိုက်ကောက်ခိုင်းတယ်။ ရပ်မိရပ်ဖ အဖွဲ့ဆိုပြီးတော့လေ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် သာကေတမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းရန် အကြုံးဝင်သော လူငယ်များကို အမည်စာရင်း တင်သွင်းရန် ဆင့်ခေါ်စာများ ပေးပို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ သာကေတမြို့နယ် အတွင်းရှိ စစ်မှုထမ်းရန် လူငယ်များ၏ အမည်စာရင်းကို တောင်းခံထားခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိုက်လံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့က စတင်ကာ ဘားအံမြို့ပေါ်ရှိ အမှတ် ၁ ရပ်ကွက်တွင် ရဲပြုတ် အုပ်ချုပ်ရေးမှူး စိုးမြင့် ဦး ဆောင်ကာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“ဘားအံမြို့ပေါ် ရပ်ကွက် ၉ ခု ရှိပါတယ်။ အခု ဧပြီလ ၆ ရက်နေ့က စပြီး ဘားအံမြို့ အမှတ် ၁ ရပ်ကွက်မှာစပြီး မဲနှိုက်နေပါတယ်။ ပြေးရင် အိမ်ကို ချိတ်ပိတ်မယ်။ ထောင် ၃ နှစ်ချမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စိုးမြင့် ဦးဆောင်ပြီး လုပ်နေတာ ဘားအံမှာ သူပဲ အဓိက စလုပ်တာပါ။ အုပ်ကြီးက မဘသ အမာခံပါ။ မဲနှိုက်တဲ့နေရာမှာ မျှတမှုမရှိပါဘူး။ အုပ်ကြီး၊ ရာအိမ်မှူးတွေနဲ့ မတည့်တဲ့ သူတွေ ကိုသာ လူရွေးပြီး နှိုက်ခိုင်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။