ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်၊ စစ်ကိုင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုရှိ
ရန်ကုန်၊ ဧပြီ ၁
မန္တလေးနှင့် စစ်ကိုင်းတို့ကို အခြေပြုကာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရသည့် ပြည်သူ စုစုပေါင်း ၈,၅၆၂,၅၅၅ ဦးရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း၊ စစ်ကိုင်း-မန္တလေး လမ်းပိတ်ခြင်း မြစ်ကူးတံတားနှင့် ချည်းကပ်လမ်းများ ပျက်စီးခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်စည်ရှားပါးခြင်း၊ စက်သုံးဆီနှင့်အခြားကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း၊ စစ်တပ်က သင်္ဘောများနှင့်ကုန်ကားများကို စစ်ဆေးခြင်း နှင့် ဖြတ်သန်းခွင့် ပိတ်ပင်ခြင်းတို့ကြောင့် အရန်ရိက္ခာ ပြန်လည် ဖြည့်တင်းနိုင်ခြင်းမရှိသည့်အတွက် စားနပ်ရိက္ခာ ပြတ်တောက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း NUG က သတိပေးသည်။
ထို့ပြင် မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် ငလျင်ကြောင့် မြေများအက်ကွဲကာ မြေအောက်ရေးများ ပန်းထွက်ခြင်း၊ တွင်းရေများမှ ရေမထွက်တော့ခြင်း၊ ရေများ အရောင်ပြောင်းလဲခြင်းတို့ကြောင့် သောက်သုံးရေ အတွက် အခက်အခဲများဖြစ်ပေါ်နေပြီး စစ်ကိုင်းမြို့နယ်တွင် ရေမသန့်ရှင်းခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှုရှိကြောင်း သိရှိရသည်။
လုံခြုံရေးပိုင်းအနေဖြင့်လည်း စစ်ကိုင်းနှင့်ပဲခူးတိုင်းတို့တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့်အဖွဲ့အစည်းများသည် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းများထံတွင် ခွင့်ပြုချက် ရယူရခြင်းနှင့် သွားရောက်ခွင့်မပြုခြင်းတို့ကြောင့် ထိခိုက်ခံစားရသည့်ဒေသများမှာ အကူအညီ မရဘဲ ဖြစ်နေကြောင်း၊ ငလျင်ဖြစ်ပြီးနောက် မန္တလေးတိုင်းရှိ မြို့နယ်တချို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ တွင် လုံခြုံရေးဆိုင်ရာ အန္တရာယ်များ ကြုံတွေ့နေရကြောင်း သိရှိရသည်။