ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ
ရန်ကုန်၊ ဧပြီ ၁
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျော်ဘွယ်မြို့တွင်လည်း အဆောက်အဦး ပြိုကျမှု အများအပြား ဖြစ်ပွားခဲ့ပြီး ပြည်သူ ရာနှင့် ချီသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် သေဆုံးမှု အများဆုံးသည် ပျော်ဘွယ်မြို့ KBZ ဘဏ်နှင့် ဗလီ ပြိုကျမှုကြောင့် ဖြစ်ပြီး လူအများအပြား ရောက်ရှိနေချိန်ဖြစ်သောကြောင့် သေဆုံးမှု ရာနှင့်ချီ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပျော်ဘွယ်မြို့မဈေး ပတ်ချာလည်ရှိ အဆောက်အဦး အများစုသည် တိုက်အိုတိုက်ဟောင်းများဖြစ်သောကြောင့် ငလျင်ဒဏ်ကြောင့် ပြိုကျမှုခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ပျော်ဘွယ်မြို့တွင် လက်ရှိချိန်ထိ အပျက်အစီးများကို ရှင်းလင်းခြင်းနှင့် ကယ်ဆယ်ရေးများကို ကိုယ်ထူကိုယ်ထ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“ပျော်ဘွယ်မြို့မှာ သေဆုံးသူ လူဦးရေက ၁၆၀ ကျော်ရှိပါတယ်။ အဓိက အထိနာဆုံးက ၅ ထပ် KBZ ဘဏ်ဟာ မြေအောက်ကို ၃ ထပ်ဝင်သွားပြီး အပေါ်မှာ ၂ ထပ်ပဲ ကျန်ပါတယ်။ မြေကြီးထဲ ဝင်သွားတဲ့ ၃ ထပ်ထဲမှာ ဘဏ်ဝန်ထမ်း ၁၁ ဦးနဲ့ ငွေသွင်းငွေထုတ် လာလုပ်သူ ၃၀ ကျော်လောက်ပါပါတယ်။ ၂၈ ရက်နေ့က ၁၇ ဦး ကယ်ထုတ်လို့ရပြီတော့ ၂ ဦး က ရုပ်အလောင်းပဲပြန်ရတယ်။ ၁၅ ဦးကိုတော့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရတယ်။ ၂၉ ရက်နေ့မှာ ၂ ဦးပဲ ထုတ်လို့ရပါတယ်။ ၂ ဦးလုံး အသက်သေဆုံးတယ်။ ၃၀ ရက်နေ့မှာ သေဆုံးသူ ၁ ဦးကို ထုတ်နိုင်ခဲ့ပါတယ်။ ဗလီပြိုကျတာလည်း အစ္စလာမ် ဘာသာဝင် ၃၀ ကျော်လောက်သေဆုံးပါတယ်။ ပျော်ဘွယ်မြို့မဈေး ပတ်ချာလည်က ထိခိုက်မှုအများဆုံးပဲ တိုက်အိုတိုက်ဟောင်းတွေအဓိကပြိုကျလို့ လူသေဆုံးမှုများခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။