ပြိုကျနေသော မန္တလေးစကိုင်းဗီလာ ကွန်ဒိုအပျက်အစီးအောက်တွင် ပိတ်မိနေသူများက ကယ်ဆယ်ပေးရန် အော်ဟစ် တောင်းနေ ၊ ယင်းကွန်ဒိုကို စစ်တပ်၏ မိတ်ဖက် အောင်မြင်သူကုမ္ပဏီက တည်ဆောက်ခဲ့(ရုပ်/သံ)

by

in

ပြိုကျနေသော မန္တလေးစကိုင်းဗီလာ ကွန်ဒိုအပျက်အစီးအောက်တွင် ပိတ်မိနေသူများက ကယ်ဆယ်ပေးရန် အော်ဟစ် တောင်းနေ ၊ ယင်းကွန်ဒိုကို စစ်တပ်၏ မိတ်ဖက် အောင်မြင်သူကုမ္ပဏီက တည်ဆောက်ခဲ့(ရုပ်/သံ)
ရန်ကုန်၊ မတ် ၂၉

မန္တလေးစကိုင်းဗီလာ ကွန်ဒိုတွင် ပိတ်မိနေသူများက ကယ်ဆယ်ပေးရန် အော်ဟစ် အကူအညီတောင်းသံများ အပြင်မှ ကြားနေရကြောင်း ကယ်ဆယ်ရေးလုပ်နေသူများက ပြောဆိုသည်။
ယမန်နေ့ ငလျင်ကြောင့် မန္တလေး စကိုင်းဗီလာ ကွန်ဒိုတွင် ၁၁ ထပ် အဆောက်အအုံ ၃ လုံး အနက်မှ ၂ လုံးမှာ လုံး၀ ပြိုကျသွားပြီး ကျန် အဆောက်အအုံ ၁ လုံးမှာ ၅ ထပ် မြေကြီးအတွင်းသို့ ကျွံ့ဝင်သွားပြီး ကျန် ၆ ထပ်သာ အပေါ်တွင် ရှိနေကြောင်း သိရှိရသည်။
“စကိုင်းဗီလာက တအိအိနဲ့ ပြိုနေတာ။ ပြိုကျတဲ့ ပမာဏက အရမ်းကြီးတော့ အင်မတန်ကြီးတဲ့ စက်ယန္တရားကြီးတွေနဲ့မှ ကယ်ဆယ်ရေးလုပ်ဖို့ အဆင်ပြေလောက်မယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ဆိုသည်။
လတ်တလော အောင်မြေသာစံမြို့နယ်ရှိ စကိုင်းဗီလာ အဆောက်အဦး ပြိုကျမှုမှ ရုပ်အလောင်း ၉ လောင်းတွေ့ရှိထားပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးထိရှိပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေး စကိုင်းဗီလာ ကွန်ဒို အိမ်ရာစီမံကိန်းကို စစ်တပ်နှင့်ဆက်နွယ်နေသော အောင်မြင်သူကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သည်ဟုပြောဆို ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။
“၁၁ ထပ်အတွဲ ၃ တွဲရှိတာ။ အရှေ့တစ်တွဲပဲ ၇ ထပ်ကျန်တာ။ အနောက် ၂ တွဲက ၁၁ ထပ်လုံး ပြိုကျသွားတာ။ အခုက အရှေ့ခြမ်းအတွဲပဲ ၇ ထပ်ကျန်တာ။ Sky Villa Contractor က အောင်မြင်သူကုမ္ပဏီဆိုတာက စစ်တပ် MEC အောက်က။ ကြီးကြပ်သူ QAQC consultant က TOP engineering က ဆောက်လုပ်ရေးဝန်ကြီးဟောင်းဦးကျော်လွင်တဲ့။ လက်မှတ်ထိုး လုပ်စားသွားတဲ့ ဆောက်လုပ်ရေးဝန်ကြီးဟောင်းနဲ့ materials ခိုးစားတဲ့ အောင်မြင်သူဆိုတဲ့ စစ်တပ်အောက်MECက contractorတွေပေါ့” ဟု မန္တလေးမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။