ငလျင်လှုပ်ပြီးနောက် စစ်တပ်က နောင်ချိုမြို့နယ် နောင်လင်ရွာကို တိုက်လေယာဥ် ၃ စီးဖြင့် လှည့်ပတ်ပျံဝဲပြီးမှ ဗုံးခိုကျင်းထဲသို့ ဗုံး ၉ လုံးကျဲချမှု ဓနု တော်လှန်ရေးရဲမေ ၆ ဦးနှင့် ရဲဘော် ၁ ဦးကျဆုံး၊ ၇ ဦးဒဏ်ရာရရှိကာ ၃ ဦးစိုးရိမ်နေရ
ရန်ကုန်၊ မတ် ၂၉
ယမန်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် နောင်လင်ရွာကို တိုက်လေယာဥ် ၃ စီးဖြင့် လှည့်ပတ်ပျံဝဲပြီးမှ ဗုံးခိုကျင်းထဲသို့ ဗုံး ၉ လုံးကျဲချမှု ဓနု တော်လှန်ရေးရဲမေ ၆ ဦးနှင့် ရဲဘော် ၁ ဦးသေဆုံးခဲ့ကြောင်း DPLA တပ်ဖွဲ့၏ ခေါင်းဆောင် ရဲဘော် ထွန်းထွန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ငလျင်လှုပ်ခတ်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ် ၃ စီးက နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာသို့ လှည့်ပတ်ပျံသန်းပြီး ဗုံးခိုကျင်းထဲသို့ ဗုံး ၉ လုံး ကျဲချသွားခြင်းဖြစ်ကြောင်း၊ ဗုံးကျဲခံရသည့်နေရာမှာ တိုက်ပွဲဖြစ်ပွားသည့်နေရာမဟုတ်ဘဲ တောင်ခမ်းနှင့် မိုင် ၂၀ ကွာဝေးသော နေရာဖြစ်ကြောင်း သိရှိရသည်။
“ဗုံးကျဲတာက ၅ နေရာကို ဗုံး ၉ လုံးကျဲချတာ။ တိုက်လေယာဉ် ၃ စီးနဲ့ ကျဲတာ။ လေယာဉ်တွေက လှည့်ပတ်ပျံသန်းသေးတာ။ ပြီးမှ ဗုံးခိုကျင်းထဲကို တည့်တည့်ကို ဗုံးတွေကျဲချတာ။ ရဲမေ ၆ ဦးနဲ့ ရဲဘော် ၁ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ရဲမေ ၁ ဦးက အသက် ၁၅ နှစ်ပဲရှိသေးတော့ နောက်တန်းမှာထားတဲ့ ရဲမေ။ ဒဏ်ရာရတာ ၇ ဦးမှာ ၃ ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု DPLA တပ်ဖွဲ့၏ ခေါင်းဆောင် ရဲဘော် ထွန်းထွန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်၏ ဗုံးကျဲမှုကြောင့် ကျဆုံးသွားသော တော်လှန်ရေးရဲဘော်များမှာ ရဲဘော်ဂျွိုင်း၊ ရဲမေ နန္ဒာ၊ ထွေးထွေး၊ပန်းအိ၊ နာဇီ၊ ထက်ထက်၊ နှင်းယုတို့ဖြစ်ကြောင်း သိရှိရသည်။