ငလျင်ကြောင့် ရှေးဟောင်းအဆောက် အဦများစွာပျက်စီးပြီး လူတစ်ထောင်ကျော် သေဆုံး
—————
မတ်လ ၂၈ရက်နေ့ နေ့လည်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် မန္တလေးမြို့ဟာ လူသေဆုံးမှုနဲ့ အဆောက်အဦ ပျက်စီးဆုံးရှူံးမှု အများဆုံးဖြစ်ခဲ့ရပါတယ်။
မန္တလေးမြို့မှာရှိတဲ့ ကျုံးမြို့ရိုး၊ မဟာမြတ်မုနိဘုရားမုဒ်ဦး အပါအဝင် အစ္စလာမ်ဘာသာရေးအဆောက်အဦတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦတွေ၊ ဟိုတယ်နဲ့ လူနေအဆောက်အဦတွေ များစွာ ပြိုကျပျက်စီးသွားပြီး ပိတ်မိနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မတ်လ ၂၉ရက် မွန်းလွဲပိုင်းအထိ နိုင်ငံတဝှမ်းမှာ လူ ၁၀၀၀ ကျော် သေဆုံးပြီး၊ အဲ့ဒီအထဲမှာ မန္တလေးတိုင်းထဲက သေဆုံးသူအရေအတွက်ဟာ ၇၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ မြေပြင်ကကူညီကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေကတော့ သေဆုံးသူအရေအတွက် ဒီထက်များနိုင်တယ်လို့ ပြောကြပါတယ်။
#MyanmarEarthquake
တင်ဆက် – ကိုလှိုင်း
ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံး ၁၀၀၀ ကျော်သွားပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိ
ရန်ကုန်၊ မတ် ၂၉
ယမန်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သေဆုံးသူ ၁၀၀၂ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၇၆ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကြောင်းနှင့် အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။