ရန်ကုန်တွင် ရေနှင့် လျှပ်စစ်မီးစံချိန်တင် ပြတ်တောက်နေပြီး နာရီ ၂၀ ခြားပြီးမှသာ လျှပ်စစ်မီး ၄ နာရီ ရမည်

by

in

ရန်ကုန်တွင် ရေနှင့် လျှပ်စစ်မီးစံချိန်တင် ပြတ်တောက်နေပြီး နာရီ ၂၀ ခြားပြီးမှသာ လျှပ်စစ်မီး ၄ နာရီ ရမည်
ဧရာ၀တီတိုင်းမ်
မတ် ၂၉ ရက်

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်း ရေနှင့်လျှပ်စစ်မီး စံချိန်တင် ပြတ်တောက် နေပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
.စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ယမန်နေ့ မတ်လ ၂၈ရက်နေ့ နေလယ်ပိုင်းက ရစ်ချက်တာစကေး ၇ ဒသမ ၇ အဆင့်ရှိသည့် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပြီး ဂျိုးဖြူရေပါ ရရှိခြင်းမရှိ၍ အခက်အခဲများကြုံနေရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ပူရတဲ့အထဲ မီးပျက်ရုံမက ရေတောင်မချိုးရဘူး အခုရေပါမလာတာ ဖုန်းအားကလည်း လက်ကျန် လေးမှေးသုံးနေရတာ ပျက်တာတော့မနေ့က နေ့လည်ထဲက ပျက်တာ။ ဆိုလာလဲမတက်နိုင်ဘူးလေ” ဟု တိုက်ကြီးမြို့နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယမန်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ် များကြောင့် မန္တလေးအပါအဝင် စစ်ကိုင်း၊ မကွေး၊ ရှမ်းအရှေ့၊ နေပြည်တော်၊ ပဲခူး စသည်တို့၌ ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် ဒေသအချို့ရှိ အဆောက်အအုံများ ပြိုကျကာ လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များလည်း ပျက်စီးခဲ့ရသည်။
ရန်ကုန်တိုင်းတွင် ယနေ့ မတ် ၂၉ရက် နံနက် ၅နာရီမှစတင်၍ ၂၄ နာရီ တစ်ရက်လျှင် အုပ်စု ခြောက်ခု နှင့် ၄ နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
” ၄နာရီပဲပေးတော့မယ်ဆိုတာတော့ ဟုတ်တယ်။ အခုထိတော့ ကိုယ်တွေဘက်မလာသေးဘူး။ အင်ဗာ တာလက်ကျန်လေးသုံးနေတာ မီးအရမ်းပျက်တာကြာသွားရင် ဖုန်းလိုင်းတွေလဲ ပြတ်နိုင်တယ်” ဟု သာကေတမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အား ပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရသိရသည်။
” ဆဲလည်းမဆဲချင်တော့ပါဘူး။ ပြည်သူတွေအားလုံး အခုလိုဒုက္ခရောက်နေကြရတာ မသေဘဲကျန်နေတာပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ ကိုယ်တွေမှာ အားကိုးရာမဲ့ဘဝတွေလို လောကဓံမျိုးစုံခံစားနေရ တာထူနေပါပြီ။ ငလျင်လှုပ်ရတဲ့အထဲ ဗုံးကြဲခံရတဲ့ နေရာတွေလောက်မဆိုးဘူးလို့ပဲဖြေရမှာပေါ့” ဟု ရန်ကုန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် ရန်ကုန်မြို့တွင် နာရီ ၂၀ ခြားပြီးမှ​သာ ၄ နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး မဟာဓာတ်အား လိုင်းပြန်လည်ရရှိမယ့်အချိန် ကြန့်ကြာနိုင်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ရန်ကုန် #ရေနှင့်လျှပ်စစ်မီး #စံချိန်တင်ပြတ်တောက် #နာရီ၂၀ခြား #၄နာရီ #လျှပ်စစ်မီးရရှိမည် #Ayeyarwaddy_Times