ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်တွင် AA ဦးဆောင်သော တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရ

by

in

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်တွင် AA ဦးဆောင်သော တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရ
ရန်ကုန်၊ မတ် ၂၈
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ်၊ ကြက်ပေါင်ကုန်းကျေးရွာအပါအဝင် ကျေးရွာများအနီးတွင် AA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား ယမန်နေ့ တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသပြည်သူ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်မှ စတင်ပြီး ညနေပိုင်းအထိ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ကြက် ပေါင် ကုန်းကျေးရွာ၊ သံပုရာကုန်းရွာ၊ တောင်ဇင်းကျေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားသဖြင့် အဆိုပါကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော် ခေတ္တယာယီ စစ်ဘေးရှောင်ရကြောင်း သိရှိရသည်။
“ဖြစ်တာကတော့ ရွာနားက တောစပ်တွေမှာဖြစ်တာ။ သေနတ်သံတွေက မနေ့ နေ့လယ်ပိုင်းလောက်စပြီး ကြားရတာ။ တဒုန်းဒုန်း တဒိုင်းဒိုင်းပစ်ကြတာ။ ဒီနေ့တော့ ငြိမ်နေတယ်။ ကြက်ပေါင်ကုန်းက ပုသိမ်-မုံရွာလမ်းကပ်လျက်မှာ ရှိနေတာ။ မနေ့က အခြေအနေဆိုးပေမယ့် အခုတော့ ငြိမ်နေလို့ တချို့ ရွာတွေ ပြန်ကြပြီ” ဟု ပိန္နဲကွင်းကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။
အင်္ဂပူမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့ ဝန်းကျင်မှစတင်၍ ချင်းလည်ရွာ၊ စောပြာရွာအနီး တစ်၀ိုက် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသော နေရာများမှာ အင်္ဂပူမြို့နယ်အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (ကွင်းကောက်) နှင့် မိုင်အနည်းငယ်သာ ကွာဝေးကြောင်း သိရှိရသည်။
အင်္ဂပူမြို့နယ် အခြေစိုက် စေတနာပန်းခင်းဆရာတော်ကလည်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြည်သူများသို့ အသိပေး ထုတ်ပြန်မှုများနှင့် သတိပြုရမည့် အခြေအနေများကို အသိပေး ရေးသားခဲ့သည်။
“တိုက်ပွဲက ကြားလည်း ကြားရ မြင်လည်း မြင်ရနေပြီမို့ စစ်ဘေး ရှောင်ပါပြီ- တိုက်ပွဲက ပုသိမ် – မုံရွာ ကားလမ်းနဲ့ ကပ်လျှက် ကြက်ပေါင်ကုန်းရွာထိပ် ထိ ရောက်နေပါပြီ – ပထမတော့ ပတ်မောင်းမလို့ အသံတွေ ခဏရပ်သွားတဲ့အချိန် တိုက်ပွဲ တိုက်ပွဲဖြစ်နေတဲ့နားပဲ ဖြတ်မောင်းခဲ့လိုက်တယ်” ဟု စေတနာပန်းခင်းဆရာတော်က ယမန်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းရေးသားဖော်ပြခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်မူ ဆရာတော်က “မနေ့ကတော့ စိုးရိမ်စရာ အနေ အထားဖြစ်သွားလို့ အခြေအနေမှန်ကို ရေးတင်လိုက်တာ ဖြစ်ပါတယ်။ ခုလည်း လုံးဝစိတ်ချသွားရတဲ့ အနေအထား မဟုတ်ပါဘူး။ မနေ့က အခြေအနေကို မမြင်မတွေ့လိုက်တဲ့လူတွေက အပိုတွေပဲ ရေးသလိုလိုပြောဆိုပြီး ဘာမှမဖြစ် ကြောင်း တုန့်ပြန်ရေးနေကြတာတွေ့ရပါတယ်။ ဒါတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ ။ ရွာသူ ရွာသားများအနေနဲ့တော့ အခြေအနေအရပ်ကို မပြတ်နားစွင့်ပြီးအသက်ဥာဏ်စောင့်ကြပါစေသော်” ဟု သတိပေးထားသည်။
ဧရာ၀တီတိုင်းဒေသပြည်သူများကမူ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသသည် ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိပြီး ရခိုင်ဒေသနှင့်ဆက်စပ်လျက်ရှိသော ရေ ကြည် မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့တွင် စစ်ရေးတင်းမာမှုနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)