KIA ခွင့်ပြုချက်ဖြင့် တရုတ်သို့ မြေရှားသတ္တု တင်ပို့မည်

by

in

KIA ခွင့်ပြုချက်ဖြင့် တရုတ်သို့ မြေရှားသတ္တု တင်ပို့မည်
ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၅
တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့ခွင့်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့မှစ၍ခွင့်ပြုပေးလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ထိုသို့ မြေရှားသတ္တုတင်ပို့ခွင့်ပြုရာတွင်လည်း ၁ တန်လျှင် အခွန်ငွေ ယွမ် ၃၅,၀၀၀ (ဒေါ်လာ ၄၈၀၀) KIA ကောက်ခံမည်ဟု ဒေသတွင်းရှိ တူးဖော်ရေးလုပ်ငန်းများသို့ ပေးပို့သည့်စာ၌ ပါရှိကြောင်း ရိုက်တာက ဆိုထား သည်။
ပန်ဝါနှင့် ချီဖွေမြို့တဝိုက်အား မြေရှားသတ္တုတူးဖော်ခြင်းများအား တိုက်ပွဲများကြောင့် ရပ်ဆိုင်းထားခဲ့ရာမှ KIA သိမ်းယူခဲ့ ပြီးနောက် ယမန်နှစ် အောက်တိုဘာလ၌ ပြန်လည်တူးဖော်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။
အဆိုပါ ဒေသများအား KIA စတင် ထိန်းချုပ်စဉ်ကာလတွင် တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှုပမာဏမှာ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း တရုတ်အကောက်ခွန်စာရင်းများက ဖော်ပြထားသည်။
ထိုသို့ မြန်မာမှတင်ပို့မှုလျော့ကျပြီးနောက် တာဘီယမ်အောက်ဆိုဒ်သတ္တုစျေးနှုန်းများသည်လည်း စက်တင်ဘာနှောင်း ပိုင်းနှင့် မတ် ၂၄ ရက်ကြားတွင် ၂၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ခုန်တက်သွားပြီး တကီလိုလျှင် ယွမ် ၆,၅၅၀ အထိ ရောက်ရှိခဲ့ ကြောင်း သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ ပြန်လည်တင်ပို့လာမည်ဟုမျှော်လင့်ထားသောကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ကြောင်း ရိုက်တာက ဆိုထားသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရှားပါးသတ္တုရိုင်းများနှင့် ဒြပ်ပေါင်းများ အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး သန့်စင်ပြီး ရှားပါးသတ္တုများနှင့် သံလိုက်များထုတ်လုပ်သည့် လုပ်ငန်းများအား လွှမ်းမိုးထားသည်။
ပုံစာ – ကချင်ပြည်နယ်၊ ပန်ဝါတွင် မြေရှားသတ္တု တူးဖော်သည့် မိုင်းတွင်းတခု / Kachin Wave