တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင် ထပ်ပြော

by

in

တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင် ထပ်ပြော
ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၅

လက်နက်ကိုင်လမ်းစဉ်များနှင့် အကြမ်းဖက်လမ်းစဉ်များကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူနှင့်အတူ ဖော်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ လက်နက်ကိုင်လမ်းစဉ် စွန့်ရန် စစ်ခေါင်းဆောင်က ယ‌နေ့ ကျရောက်သော နှစ် ၈၀ ပြည့် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။
စစ်ခေါင်းဆောင်က “ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်‌ခေါ်ကမ်းလှမ်းထားပြီး ဖြစ်တယ်”ဟု ပြောသည်။
နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးစားပွဲဝိုင်းပေါ်သာ အဖြေရှာနိုင်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ကြိုဆိုလမ်းဖွင့်ထားကြောင်း၊ ထို့ပြင်ယခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကာအနိုင်ရ ပါတီကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ယင်းသို့ တိုင်းရင်းသားတပ်များနှင့် တော်လှန်ရေးတပ်များကို လက်နက်စွန့်ခိုင်းနေသော်လည်း လက်ရှိတွင် စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ် ၂ ခုဖြစ်သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တို့ကို လက်လွှတ်ဆုံးရှုံးထားရသည်။
ဓာတ်ပုံ-MWD
#WhatsHappeningInMyanmar