ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည်သူကို အလေးထားကာကွယ်ပေးသည့် တပ်မတော် ထူထောင်နိုင်ရန် မျှော်မှန်းထားဟု NUG ပြော
မတ်-၂၇၊ ၂၀၂၅။ ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က (၈၀) နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ဖက်ဆစ်သန္ဓေဆိုးကင်းစင်၍ ပြည်သူကိုအလေးထား ကာကွယ်ပေးသည့် ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ထူထောင်နိုင်ရန် မျှော်မှန်းဆန္ဒပြုကြောင်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။
NUGက ယနေ့(မတ်လ ၂၇ရက်)ကို ဖက်ဆစ် တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ထားသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီက တပ်မတော်နေ့ အမည်ဖြင့် အခမ်းအနား ကျင်းပနေခြင်းဖြစ်သည်။
ယခုအချိန်တွင် တိုင်းရင်းသားပြည်သူလူထု၏ အခွန်ဘဏ္ဍာချွေးနည်းစာဖြင့် တည်ဆောက်ထားသည့် နိုင်ငံတော်ကာကွယ်ရေးယန္တရားသည် ကိုယ်ကျိုးအတ္တဖက်ပြီး ညံ့ဖျင်းသည့် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မအာဏာလုယူခဲ့မှုကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် စစ်တပ်အဖြစ်မှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက်ဖျက်ဆီးနေသည့် ဖက်ဆစ်စစ်တပ်အသွင်သို့ ကူးပြောင်းလာခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူလူထုတရပ် လုံးက နေရာအနှံ့ တော်လှန်တိုက်ခိုက်နေကြရာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟူ၍ပင် ရည်ညွှန်းရမည်ဖြစ်ကြောင်း NUG၏ သဝဏ်လွှာ၌ ပါရှိသည်။
ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ ဖက်ဆစ်မိစ္ဆာများကို ရရာနည်းလမ်းဖြင့် တော်လှန် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးဖြစ်စဉ်များအတွင်း အသက်၊ သွေး၊ ချွေးစတေး၍ ပေးဆပ်ခဲ့ကြ သည့် တိုင်းရင်းသား ပြည်သူများအားလုံး၏ စွန့်လွှတ်အနစ်နာခံမှုနှင့် တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ကိုအစဉ်အမြဲ အောက်မေ့သတိရ လေးစားဦးညွှတ်ကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
အတိတ်သမိုင်းကာလများ၌ တိုင်းရင်းသား ပြည်သူများအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိမှတ်ပြုမှုတို့ဖြင့် အောင်ပွဲကို ဆွတ်ခူးနိုင်သကဲ့သို့ ယခုခေတ်သစ်ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုအား တိုက်ခိုက် နေကြသည့် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း တိုင်းရင်းသားပြည်သူများအားလုံး အကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လျက် ရှိကြောင်း အသိပေးသည်။
မကြာမီကာလတွင် ပြည်သူများအားလုံး အတွက် အောင်ပွဲများဆွတ်ခူးနိုင်ပြီး အသစ်ပြန်လည်တည်ဆောက်မည့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်၍ ပြည်သူကို အလေးထားကာကွယ်ပေးသော ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ထူထောင်နိုင်ရန် မျှော်မှန်းကြောင်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။
လက်ရှိ နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေးဖြစ်၍ လူထု၏ယုံကြည်သက်ဝင်မှုသည် များစွာ အရေးကြီးကြောင်းလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၂၅ရက် အစိုးရ အဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
တော်လှန်ရေး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် ဦးဆောင်သူများ၏ အရည်အချင်း စွမ်းရည်နှင့် အမြော်အမြင်များအပေါ်မူတည်၍ လူထု၏ ထောက်ခံယုံကြည်မှုကို လုပ်ရပ်ဖြင့်သာ သက်သေပြရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများ၏ နယ်မြေများ ကျယ်ဝန်းလာပြီး ရန်သူများတိုးမပေါက်နိုင်အောင် ခုခံကာကွယ်နိုင်သည့် အခြေအနေ ကောင်းများ ရှိကြောင်း၊ တစ်ဖက်တွင်လည်း နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်ခဲ့သည့် စစ်အာဏာရှင်စနစ်တခုလုံး ချေမှုန်းသုတ်သင်နိုင်ရန်အတွက် တော်ရုံသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ကြောင်း ယာယီသမ္မတက သတိပေးပြောကြားခဲ့သည်။