ရန်ကုန်- ပြည်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် PDF တပ်များက ယနေ့ လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ဟု စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးပြောဆို
ရန်ကုန်၊ မတ် ၂၇
ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် PDF တပ်များက ယနေ့ လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဆင်ရေးနယ်မြေ ၂ မှ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၇ ရက်နေ့ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၂၃ မှ တပ်ဖွဲ့ဝင်များက လုံခြုံရေး စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ လမ်းပိုင်းတွင် တိုက်ပွဲတချို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့လည်း ရန်ကုန် ပြည်လမ်း နဲ့ ရန်ကုန် မန္တလေး အမြန်လမ်းဟောင်း ပေါ်မှာ PDF တပ်ဖွဲ့တွေ စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြပါတယ်။ရန်ကုန်-မန္တလေး လမ်းမပေါ်မှာ ထိတွေ့မှုလည်း ဖြစ်ခဲ့ပါတယ်” ဟု ရဲဘော်တင်ဦးက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်- မန္တလေး လမ်းပိုင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြောက်ဖက်အနီး ဂုဏ်မင်းဒါကျေးရွာအနီးတွင် ယနေ့ နံနက် ၆ နာရီအချိန် စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် လမ်းများ ပိတ်လိုက်ရကြောင်း သိရှိရသည်။
“တိုက်ပွဲက ဒီမနက် ၆ နာရီ မှာ ဂုဏ်မင်းဒါ ကျေးရွာမှာဖြစ်တာ။ PDF တွေက စစ်ကောင်စီခန့်အပ်တဲ့ ဂုဏ်မင်းဒါ ကျေးရွာ ဥက္ကဋ္ဌ ကိုဝင်ဖမ်းတယ်။ လမ်းတွေ ခဏ ပိတ်လိုက်ရတယ်။ အခုရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးမှာရှိတဲ့ ပုဂံချောင်းကျေးရွာကို စစ်တပ်က စစ်ကူအင်အားတွေ ဖြည့်တင်းနေတယ်။ စစ်ကြောင်းလည်း ထိုးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ မတ်လ၂၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်း – အုတ်တွင်း အမြန်လမ်းပိုင်းအတိုင်း မောင်းနှင်လာသည့် အကြမ်းဖက်စစ်အုပ်စု၏ စစ်ကား ၂ စီးကို ဘော်ဒါကျေးရွာ နဲ့ ပေါ်လံကြီးကျေးရွာ အကြား ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၁)၊ တပ်ခွဲ (၃)၊ ပြည်ခရိုင်တပ်ရင်း (၃၆၀၂)က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း၊ထို့အတူ မတ်လ ၂၆ ရက်နေ့၊ နံနက် ၁ နာရီ ၁၀ မိနစ် အချိန် ရန်ကုန် – မန္တလေး အမြန်လမ်း ၁၂၇ မိုင်၊ မင်းရဲ ရဲစခန်းနှင့် ၁၂၄မိုင် နတ်ရေတွင်းရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။