ကိုယ့်တူမကို မုဒိမ်းကျင့်ပြီး PDF ထဲဝင်လာသူကို တော်လှန်ရေးအဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား ◾အပြစ်ပေးဖို့ ပြည်သူ့အသံနားထောင်မယ်လို့ဆို

by

in

ကိုယ့်တူမကို မုဒိမ်းကျင့်ပြီး PDF ထဲဝင်လာသူကို တော်လှန်ရေးအဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား
◾အပြစ်ပေးဖို့ ပြည်သူ့အသံနားထောင်မယ်လို့ဆို
CJ Platform

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ဇီးကုန်းမြို့နယ်က အမျိုးသားတစ်ဦးဟာ ကိုယ့်ညီမရဲ့ သမီး(တူမ)ကို မုဒိမ်းကျင့်ပြီး တော်လှန်ရေးအဖွဲ့ထဲဝင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အောင်သူ (၃၁)နှစ်ဟာ အသက် (၇) နှစ်အရွယ် တူမကို ဩဂုတ်လ ၁၅ ရက်နေ့က မုဒိမ်းမှုကျူးလွန်ပြီးနောက် ထွက်ပြေးခဲ့ပါတယ်။ သူကျူးလွန်မှုကြောင့် မိန်းကလေးငယ်ဟာ ဆေးကုသမှုခံနေရပါတယ်။
အဲဒီနောက် ဩဂုတ် ၁၆ ရက်နေ့မှာ ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers အဖွဲ့ဆီ PDF ထဲဝင်လိုကြောင်း ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ဒုတပ်ခွဲမှူး ကိုပြည့်ဝက CJ Platform သို့ ပြောပါတယ်။
“ကျွန်တော်တို့ဆီရောက်တော့ သူက အရက်သောက်ဖဲချရင်း ဓားထိုးမှုဖြစ်လာတယ်ဆိုပြီးပြောတယ်။ အဲဒီတော့ ကျွန်တော်ကလည်း ‘အေး ဟုတ်ပြီ။ ငါတို့ဆီမှာတော့ ရာဇဝတ်မှုကျူးလွန်သူမရှိဘူး။ မင်းခုလို ဖြစ်လာတယ်ဆိုတော့လည်း ထားတော့။ တရားဥပဒေအတိုင်းဖြစ်ရမယ်ပေါ့။’ ပထမရက်တွေ ကျွန်တော်အေးဆေးထားတယ်။ သူတို့ဘက်ခြမ်းကို သတင်းထောက်လိုက်တော့ ခရုချောင်းသားတစ်ယောက် ကလေးကို မုဒိမ်းကျင့်သွားတယ်ဆိုတာ သိရတော့ သူကလည်း ရိပ်မိနေပြီ။ ပြေးချင်နေပြီ။ စစ်မေးလိုက်တော့လည်း ဟုတ်တယ်ပေါ့။ အဲဒါနဲ့ ကျွန်တော်လည်း ဖမ်းပြီးထိန်းသိမ်းထားလိုက်တယ်” လို့ ၎င်းက ပြောပါတယ်။
အဲဒီနောက် သက်ငယ်မုဒိမ်းတရားခံဟာ အရက်သေစာ သောက်စားပြီး သူ့တူမကို မုဒိမ်းကျင့်ခဲ့ပြီး ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့တဲ့အတွက် ဇီးကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ Dragon Brothers အဖွဲ့က ဩဂုတ်လ ၂၄ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တယ်လို့ ကိုပြည့်ဝက ဆက်ပြောပါတယ်။
လတ်တလော သက်ငယ်မုဒိမ်းကျူးလွန်သူကို ဇီးကုန်းပကဖက ထိန်းသိမ်းထားပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ထံ တင်ပြပြီးနောက် အမှုကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဇီးကုန်းပကဖမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။
“ကျွန်တော်တို့ စစ်မေးတော့လည်း ဝန်ခံပါတယ်။ ကျွန်တော်တို့လည်း ခုမှ ပထမဆုံး ကြုံဖူးတာပေါ့။ ကျွန်တော်တို့ စစ်တော့ ကျူးလွန်တဲ့ရက်က (ဩဂုတ်)၁၅ ရက်လောက်ကပေါ့။ သူသေချာမမှတ်မိတော့ဘူးလို့ ပြောတယ်။ ကလေးက ‘အမေ’ ဆိုပြီး အော်ပြေးတော့ သူကလည်း ထွက်ပြေးလာတာ။ အရင်က ကျွန်တော်တို့လည်း သက်ငယ်မုဒိမ်းဆို သေဒဏ်ပေးဆိုပြီး ဆန္ဒတွေပြခဲ့ကြတာပဲ။ ခုကတော့ ကျွန်တော်တို့က ပြည်သူ့အသံလည်း နားထောင်မယ်။ ပြီးရင် NUG ညွှန်ကြားချက်အတိုင်းသွားမယ်” လို့ ဇီးကုန်း ပကဖ တာဝန်ခံက ပြောပါတယ်။
အောင်သူရဲ့ ပြစ်မှုကျူးလွန်မှုကြောင့် ကလေးငယ်ဟာ အသက်အန္တရာယ်မစိုးရိမ်ရပေမဲ့ လိုအပ်တဲ့ ဆေးကုသမှုတွေ ဆက်လက်ခံယူနေရတယ်လို့ စုံစမ်းသိရှိရကြောင်း အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေရတဲ့ CDM တက္ကသိုလ်ဆရာမတစ်ဦးရဲ့သမီးဖြစ်သူ အသက် ၅ နှစ်အရွယ်မိန်းကလေးငယ် သက်ငယ်မုဒိမ်းကျူးလွန်ခံခဲ့ရပါတယ်။ အဲဒီအမှုကတရားခံကို NUG တိုင်ကြားထားပေမဲ့ တစ်နှစ်ကျော်ကြာလာတဲ့အထိ မဖမ်းပေးနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေထဲ လူထုကို အကိုင်လှုပ်နိုင်ဆုံးဖြစ်ခဲ့တာကတော့ နေပြည်တော် Wisdom Hill ကျောင်းမှာ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားလို့အမည်ပြောင်ပေးခဲ့သူ သုံးနှစ်အရွယ်မိန်းကလေးငယ်ဖြစ်စဉ်ပဲဖြစ်ပါတယ်။
အဲဒီအမှုမှာ ကျောင်းကားမောင်းသူ အောင်ကြီး(ခ)အောင်ကျော်မျိုးကို နှစ်ခါပြန်ဖမ်းခဲ့ပြီးနောက် အမှုမခိုင်လုံလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။ ‘Justice for Victoria’ ဆိုပြီး နိုင်ငံတဝန်းက လူထုဟာ အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ခဲ့ပေမဲ့ ယခု ငါးနှစ်ကျော်ကြာတဲ့အထိ အမှုမှန်မပေါ်ပေါက်သေးဘဲ လူထုကလည်း မေ့လျော့ခဲ့ပြီဖြစ်ပါတယ်။
🖋Gold
ဓာတ်ပုံ – ပေးပို့