မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှု၊ လက်နက်ကြီးနှင့်လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့

by

in

မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှု၊ လက်နက်ကြီးနှင့်လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့
ရန်ကုန်၊ ဩဂုတ် ၂၈

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်နှင့် ပြင်ဦးလွင်တို့တွင် ယမန်နေ့ညပိုင်း ဗုံးပေါက် ကွဲမှု၊ လက်နက်ကြီးနှင့် လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း တပ် သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့ မြောက်ပြင်ဘက်၊ မြို့ပတ်လမ်းတာဘောင်တွင် ဗုံးပေါက်ကွဲသံကဲ့သို့ ပေါက်ကွဲသံကြီးတစ်ခု အလွန်ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က လက် နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့ည ၁၀ နာရီခွဲ မန်းလေးမြောက်ပြင်ဘက်၊ ၃ လမ်းဘက် မြို့ပတ်လမ်းတာဘောင်ဘက်မှာ ပေါက်ကွဲသံအတော်ကို ကျယ်တယ်။ နောက်ပြီးတော့ သေနတ်ပစ်ခတ်သံတွေကြားရတယ်။ သေနတ်သံကတော့ ဆက်တိုက်ပဲ။ ပေါက်ကွဲသံကတော့ တစ်ချက်တည်း အကျယ်ကြီးကြားရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မန္တလေးမှ တပ်သတင်းရင်းမြစ်ကမူ ယမန်နေ့ညပိုင်း သေနတ်ပစ်ခတ်မှုမှာ စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံမှာမူ မည်သည့် အတွက်ကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်သည်ကို မသိရှိရသေးကြောင်း၊ စစ်တပ်က ပစ်ခတ်မှုကြောင့် လက်နက်ငယ်သံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။
အလားတူ ယမနေ့ည ၇ နာရီဝန်းကျင်အချိန် ပြင်ဦးလွင်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ယင်းပစ်ခတ်မှုများမှာ စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများနှင့် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
“ပြင်ဦးလွင်မှာ မနေ့ည ၆ နာရီ ၅၀ မိနစ်အချိန်ကနေစပြီးတော့ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားတယ်။ စုစုပေါင်း ၃ ၊ ၄ ချက်လောက်တော့ရှိမယ်။ ည နေ ၆ နာရီ ၅၃ နဲ့ ညနေ ၆ နာရီ ၅၆ မိနစ်မှာ လက်နက်ကြီးတွေ ပစ်တာ။ မြို့ တွင်းထဲအထိ အသံကျယ်ကျယ်ကြားရတယ်။ စက် ပစ်ကွင်းနှင့် အင်ဂျင် နီယာ GE တပ်ဘက်က ပစ်တာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြ သည်။
စစ်တပ်သတင်းရင်းမြစ်ကမူ ပြင်ဦးလွင်ရှိ တပ်များက နောင်ချိုနှင့် အနီးပတ်ဝန်း ကျင်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် တော်လှန်ရေးတပ်များ အခြေချထားသည်ဟု သတင်းထွက်နေသော ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ကူများ ဆက်တိုက် ပစ်ခတ်မှုများရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။
ဓာတ်ပုံ- နေပြည်တော်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် ညပိုင်း သံချပ်ကာ ကားများနှင့် စစ်ကားများ လုံခြုံရေးချထားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Reuters ။