နေပြည်တော်၊ ပျဉ်းမနားတို့တွင် စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စားသောက် ဆိုင်များမှ ဝန်ထမ်းများကို ပေါ်တာဆွဲ ဝင်ရောက် ဖမ်းဆီးမှုများ စစ်တပ်က လုပ် ဆောင်

by

in

နေပြည်တော်၊ ပျဉ်းမနားတို့တွင် စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စားသောက် ဆိုင်များမှ ဝန်ထမ်းများကို ပေါ်တာဆွဲ ဝင်ရောက် ဖမ်းဆီးမှုများ စစ်တပ်က လုပ် ဆောင်
ရန်ကုန်၊ ဩဂုတ် ၂၈

အကြမ်းဖက်စစ်ကောင်စီ၏ အခြေစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားတို့တွင် စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စားသောက်ဆိုင်များမှ လူငယ် အမျိုးသားဝန်ထမ်းများကို ပေါ်တာဆွဲ ဝင်ရောက် ဖမ်းဆီးမှုများ စစ်တပ်က လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နေပြည်တော်ပတ်ဝန်းကျင်မှ စားသောက်ဆိုင်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ်ယူပြီး စစ်မှုထမ်းရန်အတွက် ဝန်ထမ်းလူငယ်များ စာရင်းပေးရန် ပြောဆိုလာကြောင်း၊ ထို့ပြင် တချို့သော စားသောက်ဆိုင်များကို စစ်တပ်က ဝင်ရောက် စစ်ဆေးဖမ်းဆီးပြီး ပေါ်တာဆွဲမှုများ လုပ်ဆောင်ကြောင်း၊ စားသောက်ဆိုင်ပိုင်ရှင်များက ငွေဖြင့် လိုက်လံရွေးယူသည့်အခါ ဝန်ထမ်းတချို့ ပြန်လည် လွတ်မြောက်သော်လည်း ဝန်ထမ်းတချို့ကို စစ်မှုထမ်းအဖြစ် ပို့ဆောင်လိုက်ရကြောင်း သိရှိရသည်။
“နေပြည်တော်မှာတော့ စားသောက်ဆိုင်တွေ အကုန် ဆိုင်ပေါင်း ၂၀၀ ကျော်လောက်ရှိမယ်။ပျဉ်းမနားရောအပါ စစ်မှုထမ်းဖို့ခေါ်နေပါပြီ။ အမြန်လမ်း မိုင် ၂၀၀ မှာရှိတဲ့ မင်္ဂလာပါ ထမင်းဆိုင်ကို တစ်နေ့ညက ညဘက်ကြီး စစ်တပ်က ဝင်ဖမ်းပြီး လူငယ်ဝန်ထမ်းတွေ အကုန်ခေါ်သွားတယ်၊ နောက်တော့ ဆိုင်ပိုင်ရှင်က ပိုက်ဆံပေးညှိတော့ ၅ ယောက် ပေးလိုက်ရတယ်။ ကျန်တဲ့ဆိုင်တွေ ထဲမှာ ဝန်ထမ်း များတဲ့ ဆိုင်တွေကို စစ်မှုထမ်းစာရင်းပေးဖို့ အရင်ဦးစားပေးပြီး စခေါ်နေပြု။ နေပြည်တော် ဧရာဝတီလမ်းက ဘောမဆိုင်တွေလည်း အကုန် ခေါ်ခံထိတယ်၊ ထွေအုပ်ခရိုင်အုပ်ချုပ်ရေးမူး ဦးစီးပြီး ခေါ်နေတာ” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ နေပြည်တော် လယ်ဝေးမြို့ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေး မျိုးအောင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ အဓိကအားဖြင့် ငွေကြေးမတတ်နိုင်ဘဲ ဆင်းရဲသည့် နေအိမ်များမှ လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီး ခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“မနေ့ မနက်ပဲ ရပ်ကွက်ထဲမှာရှိတဲ့ လူငယ်တွေကို မျိုးအောင်နဲ့အဖွဲ့က လိုက်ပြီး ဖမ်းဆီးခေါ်တယ်။ စစ်တပ်ထဲပို့ဖို့။ မျိုးအောင်က သူ့အကို စစ်ဗိုလ် တပ်ထဲမှာ ရှိတယ်။ ရပ်ကွက်ကလူငယ်တွေ ဘာမှ မပူနဲ့ဆိုပြီး ဖမ်းခေါ်ပြီး တပ်ထဲပို့တာ။ ပထမ စစ်မှုထမ်း အပတ်စဉ်ကတည်းက လူငယ်တွေကို ချော့တစ်မျိုး၊ ခြောက်တစ်လှည့် စည်းရုံးပြီး ပို့နေတာ။ ဆင်းရဲတဲ့ အိမ်က လူငယ်တွေကိုပဲ သူက ပစ်မှတ်ထားပြီး ဖမ်းတာ။ ငွေကြေးတတ်နိုင်တဲ့သူတွေကိုတော့ ငွေညှစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် လယ်ဝေးမြို့ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးအောင်နှင့် ရာအိမ်မှူးများက လစဉ် ကင်းစောင့်ကြေးဟုဆိုကာ ရပ်ကွက်အတွင်း ပြည်သူများထံမှ ငွေကျပ် ၅၀၀၀ တောင်းခံခြင်း၊ စစ်မှုထမ်းသည့် လူငယ် မိသားစုများကို ထောက်ပံ့ရန်ဟုဆိုကာ ငွေကြေး အတင်းအဓမ္မ ကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
“ကင်းစောင့်ခ ဆိုပြီး တစ်အိမ်ကို တစ်လ ငွေကျပ် ၅၀၀၀ ကောက်တယ်။ စစ်မှုထမ်းမယ့် လူငယ်တွေကို ထောက်ပံ့ရမယ်ဆိုပြီးတော့လည်း ငွေကောက်တယ်။ မျိုးအောင်ရဲ့ နောက်လိုက် တင်ထွန်းဆိုတာလည်း အတော်ဆိုးတယ်။ အခြားနေရာဖြစ်တဲ့ အောင်ဇေယျထဲက လူငယ်တွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲပို့နေတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လာမည့် စက်တင်ဘာလတွင် စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူလုံလောက်စွာမရရှိသဖြင့် တစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြင့် တပ်သားသစ်များ စုဆောင်းနေကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွင်းစဉ်က ရပ်ကွက်များထဲအထိ လိုက်လံ၍ ပြည်သူများကို ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)