မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှိ တိုင်းစစ်ဌာနချုပ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

by

in

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှိ တိုင်းစစ်ဌာနချုပ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်
ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အတွင်းရှိ တိုင်းစစ်ဌာန ချုပ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့မတ်လ ၂၃ ရက် ည ၉ နာရီ ၄၃ မိနစ် အချိန် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့်တိုက်ခိုက်ခဲ့ရာ ၂ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း သိရ သည်။
“ပစ်မှတ်ဆီကို အတတ်နိုင်ဆုံး ၊ အနီးဆုံး ချိန်ရွယ်ပစ်ခတ်ခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်း နေဆဲပါ။ သိရရင် ထပ်ပြောပေးပါမယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည့်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ လက်ရုံးတပ်ဖွဲ့များကို စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့် စစ်ဌာနချုပ်ဖြစ်ပြီး ၎င်းဒေသများ ရှိ ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ် များ၊ စက်တပ်လေထီးများဖြင့် ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ် သဖြင့် ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်၍ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး အ တွက် စစ်ကောင်စီ၏ လေတပ်အပါအဝင် အကြီးစားစစ်ရေးအချက်အချာကျ နေရာများကို ပစ်မှတ်ထား ဦးတည်၍ ရည် ရွယ်ချက်တူသော အဖွဲ့များနှင့် လက်တွဲကာ တစိုက်မတ်မတ်ကြိုးစား တိုက်ပွဲ ဝင်နေမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းရှိ တိုင်းစစ်ဌာန ချုပ်ရုံး နဲ့ MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
Free Burma
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နဲ့ MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို မတ်လ ၂၃ ရက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၂ လုံးကိုအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နမခ ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ်တို့ရှိ စကစ ရဲ့ လက်ရုံးတပ်ဖွဲ့တွေကို စစ်ရေးကွပ်ကဲမှုပေးနေတဲ့ အရေးပါတဲ့ စစ်ဌာနချုပ်ဖြစ်ပြီး အဲဒီဒေသတွေမှာရှိတဲ့ပြည်သူတွေကို စစ်ကြောင်းထိုး သတ်ဖြတ်တာတွေ၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်တာတွေ၊ လေယာဉ်တွေ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲ သတ်ဖြတ်တာတွေကို ပြု လုပ်နေတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နမခ ကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်ကာ ပစ်ခတ်တိုက် ခိုက်ခဲ့တာဖြစ်ပြီး စကစ ဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းပြီး ဆက်လက်ဖော်ပြသွားမယ်လို့ ဖော်ပြပါတယ်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုနဲ့ Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow(မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းရရှိပါတယ်။