မန္တလေးမြို့ရှိ ရပ်ကွက်များမှ လူငယ်များအားလုံးကို စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲလာနှိုက်ရန် လော်စပီကာဖြင့် လိုက်လံ အော်ခေါ်နေ (ရုပ်/သံ)

Photo News – မန္တလေးမြို့မှာ ရပ်ကွက်အလိုက် လူစု၊ မဲနှိုက်ခိုင်းပြီး စစ်သားသစ် စုနေ၊
တေဇ/MFP၊ မတ် – ၂၃

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်မှာ မတ်လ ၁၂ရက်က ဒေသခံတွေကို ဓမ္မာရုံမှာ လူစုစေပြီး မဲနှိုက်ခိုင်းကာ စစ်သားသစ် စုဆောင်းခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
အဲ့ဒီလို ရပ်ကွက်အလိုက် လူစု၊ မဲနှိုက်ပြီး စစ်သားသစ် စုဆောင်းရာမှာ လူငယ်လူရွယ်တွေ အနေနဲ့ ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ်စား မဲနှိုက်နိုင်ပြီး အဲ့ဒီလို လာရောက်ခြင်းမရှိပါက စစ်အုပ်စုက မျက်ကွယ် မဲနှိုက်ကာ ရွေးချယ်တယ်လို့ ဆိုပါတယ်။
ရပ်ကွက်အတွင်း စစ်သားသစ် စုဆောင်းခံရမယ့် လူငယ်လူရွယ်ရှိတဲ့ အိမ်တိုင်း မဲနှိုက်ရပြီး အားလုံးကို တစ်ကြိမ်ထဲ စစ်သားသစ် မစုသေးဘဲ မဲနံပတ်အတိုင်း အစဉ်လိုက် စစ်သားသစ် စုဆောင်းမယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
ရပ်ကွက်လုံးကျွတ် မဲနှိုက်ခိုင်းတာဟာ ရပ်ကွက်သူ၊ ရပ်ကွက်သား အချင်းချင်း မဲကျထားသူက ရှောင်လို့ မရအောင် ဝိုင်းကြီးချုပ်ပုံစုံ လုပ်တာလို့ မြို့ခံတစ်ဦးက သုံးသပ်ပါတယ်။
မဲကျသူတွေကို ခံဝန်ထိုးခိုင်းပြီးနောက် ရှောင်တိမ်းသွားပါက မိသားစုကို ဖမ်းဆီးတာ၊ မိသားစုလိုက် တိမ်းရှောင်ပါက နေအိမ် ချိတ်ပိတ်တာတွေ လုပ်မယ်လို့လည်း စစ်အုပ်စုက ခြိမ်းခြောက် ထားတယ်လို့ မန္တလေးမြို့ မြေပြင်ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။
မန္တလေးမြို့ခရိုင် ခုနှစ်မြို့နယ်လုံးမှာ စစ်အုပ်စုက အထက်ပါအတိုင်း ရပ်ကွက်အလိုက် လူစုစေကာ မဲနှိုက် ခိုင်းတာတွေ လုပ်နေပြီး မဟာအောင်မြေမြို့မှာတော့ မနက်ဖန် မတ်လ ၂၄ရက်မှာ ရပ်ကွက်အလိုက် သတ်မှတ် နေရာတွေကို လာရောက်ပြီး မဲနှိုက်ရမယ်လို့ စစ်အုပ်စုက မြို့အနှံ့ လော်စပီကာနဲ့ လိုက်အော်နေပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်း စစ်သားသစ် စုဆောင်းတာတွေ လုပ်နေပြီး ပေါ်တာဆွဲ၊ စုဆောင်းရရှိလာသူတွေကို ရက်တို စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ နိုင်ငံတဝန်းက တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ အသေခံ စစ်သားအဖြစ် ပို့လွှတ်နေတာ ဖြစ်ပါတယ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်မှာ မတ်လ ၁၂ရက်က ဒေသခံတွေကို စစ်အုပ်စုက မဲနှိုက်ခိုင်းပြီး စစ်သားသစ် စုဆောင်းနေစဉ်/Photo – စစ်အုပ်စု

မန္တလေးမြို့ရှိ ရပ်ကွက်များမှ လူငယ်များအားလုံးကို စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲလာနှိုက်ရန် လော်စပီကာဖြင့် လိုက်လံ အော်ခေါ်နေ (ရုပ်/သံ)
ရန်ကုန်၊ မတ် ၂၄
မန္တလေးမြို့ရှိ ရပ်ကွက်များမှ လူငယ်များအားလုံးကို အကြမ်းဖက်စစ်ကောင်စီက ဧပြီလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ယနေ့ မဲနှိုက်ခိုင်းမည်ဖြစ်ပြီး မဲလာနှိုက်ကြရန် လော်စပီကာဖြင့် လိုက်လံအော်ခေါ်နေကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အကျုံးဝင်သည့် အမျိုးသားလူငယ်များအားလုံးကို အပတ်စဉ် ၁၂ (၄/၂၀၂၅) တက်ရောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများနှင့်အညီ မဲနှိုက် ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။
“စစ်မှုထမ်း မဲနှိုက်ခိုင်းဖို့ စာတွေ ဝေတယ်။ လော်စပီကာနဲ့လည်း လိုက်အော်တယ်။ မန္တလေးတစ်မြို့လုံး ရပ်ကွက်တွေမှာ မဲနှိုက်ခိုင်းမှာ” ဟု မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်မှုထမ်းခိုင်းရန် မဲနှိုက် ရွေးချယ်ရေးလုပ်ငန်းများကို လူငယ်များကိုယ်တိုင် သို့မဟုတ် မိမိမိသားစုထဲမှ ကိုယ် စားလှယ်တစ်ဦးက လာရောက် မဲနှိုက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်(သို့မဟုတ်) မိဘများ လာရောက် မဲမနှိုက်ပါက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးဦးက မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“လူငယ်တွေကို သေလမ်းပို့နေပြီ။ မိဘတွေပါ ပြောင်းပြေးရမယ့် အခြေအနေဖြစ်နေပြီ။ မိဘတွေရော လူငယ်တွေရော အရမ်းကို စိတ်ဆင်းရဲနေရတယ်” ဟု ဒေသပြည်သူက ဆက်လက်ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မေလမှ စတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၁၂ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။