ပြည်သူမှန်သမျှကို စစ်မှုထမ်းခိုင်းခြင်းဖြင့် တိုင်းပြည်ကို အဆုံးစွန်အထိ စစ်ကောင်စီက ဆွဲချနေပြီဟု NUG ဝန်ကြီးချုပ် သတိပေး

by

in

ပြည်သူမှန်သမျှကို စစ်မှုထမ်းခိုင်းခြင်းဖြင့် တိုင်းပြည်ကို အဆုံးစွန်အထိ စစ်ကောင်စီက ဆွဲချနေပြီဟု NUG ဝန်ကြီးချုပ် သတိပေး
ရန်ကုန်၊ ဩဂုတ် ၂၇
စစ်ရှုံးနေသော စစ်ကောင်စီက ပြည်သူမှန်သမျှကို စစ်မှုထမ်းခိုင်းခြင်းအပါအဝင် ပြည်သူကို ချနင်းသည့် နည်းလမ်းမျိုးစုံဖြင့် တိုင်းပြည်ကို အဆုံးစွန်အထိ ဆွဲချနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် သတိပေး လိုက်သည်။
ယနေ့ဩဂုတ်လ ၂၇ ရက်နေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ ၂၄/၂၀၂၄ အစည်း အဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆို သတိပေးလိုက်ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းတုန်းက အသက် ၃၅ နှစ် အထိ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့ပြီး လူငယ်လူရွယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ အခုဆိုရင် “ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်အဖွဲ့” ဆိုတာကို ဖွဲ့စည်းပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ရက်တို စစ်သင်တန်းတက်ခိုင်းပြီး ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့တွေမှာ မဖြစ်မနေပါဝင်ခိုင်းဖို့ စီစဥ်ဆောင်ရွက်လာပြန်ပါ တယ်။စစ်ရေးရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံ ရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အထူးသတိထား စောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သိန်းက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီကြောင့် ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့်အတူ ပြည်သူများ ဒုက္ခမျိုးစုံ ဖြတ်ကျော်ရင်ဆိုင်နေရကြောင်း၊ စစ်အုပ်စုကို အမြန်ဆုံး အဆုံးသတ် နိဂုံးချုပ်မှသာလျှင် ပြည်သူများ အသက်၀၀ ပြန်ရှုနိုင်ကြမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က ဆိုသည်။
“ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေအကြပ်အတည်းကို မွန်းကြပ်စွာ ရင်ဆိုင် နေရတဲ့ ပြည်သူတွေကို ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတဲ့ ဒီစစ်အုပ်စု ကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ကျွန်တော်တို့ ပြည်သူတွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်‌တော်တို့ အစိုးရအနေနဲ့လည်း လုပ်ဆောင်သင့်တဲ့ကိစ္စ တွေကိုအချိန်နဲ့ တပြေးညီ လုပ်‌ဆောင်ကြဖို့ အရေးကြီးပါတယ်။ စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင် ဖို့ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးက စုစုစည်းစည်းနဲ့ အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတိုးပွားပြီး အလုပ်တွေ တူတူလက်တွဲလုပ်ရင်းနဲ့ ကျွန်တော်တို့ ပုံဖော်ချင်တဲ့ အနာဂတ်ကိုလည်း အတူစဥ်းစား နိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရဆိုရင် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘုံသဘော ထားရပ် တည်ချက်ကို အခြေပြုပြီး ဆက်လက်ဆောင်ရွက်စရာတွေကိုလည်း အားစိုက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ မဖြစ်မနေ လုပ်လာမည်ဖြစ်ပြီး ရွေးကောက်ပွဲ လမ်းကြောင်းကို ထောက်ခံအားပေးမည့် နိုင်ငံတချို့လည်းရှိနိုင်ကြောင်း၊ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရှိန်ကို မြှင့်နိုင်သမျှ မြှင့်တင်ပြီး တစ်ဖက်တွင်လည်း နိုင်ငံရေးအရ ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုသွားသည်။
ဓာတ်ပုံ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ရှေ့တန်စစ်မြေပြင်သို့ သွားရောက် စစ်ဆေးခဲ့စဉ်။