◾ရန်ကုန်မှာ ငွေမပေးတဲ့ မှတ်ပုံတင်လုပ်ထားသူတွေ လနဲ့ချီကြာတဲ့အထိ လ.ဝ.က မထုတ်ပေး၊ ◾မှတ်ပုံတင်တစ်ကတ် ကျပ်ငါးသောင်းမှ တစ်သိန်းအထိတောင်း

by

in

◾ရန်ကုန်မှာ ငွေမပေးတဲ့ မှတ်ပုံတင်လုပ်ထားသူတွေ လနဲ့ချီကြာတဲ့အထိ လ.ဝ.က မထုတ်ပေး၊
◾မှတ်ပုံတင်တစ်ကတ် ကျပ်ငါးသောင်းမှ တစ်သိန်းအထိတောင်း
CJ Platform

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုမှာ နိုင်ငံသားမှတ်ပုံတင်ပြုလုပ်သူများကို ထုတ်မပေးဘဲ လဝကဝန်ထမ်းတွေက အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်နေတယ်လို့ တွေ့ကြုံသူမြို့ခံတွေက CJ Platform ကို ပြောပါတယ်။
လက်ရှိရန်ကုန်က မြို့နယ်တိုင်းမှာ ‘ပန်းခင်း’စီမံချက်ဆိုပြီး စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မှတ်ပုံတင်လုပ်ပေးဖို့ စာရင်းကောက်နေတာပါ။
ဒါပေမဲ့ အောက်ခြေလဝကဝန်ထမ်းတွေဟာ ပြည်သူများထံမှ လာဘ်ငွေရယူဖို့ကြိုးပမ်းနေကြပြီး ငွေကြေးမပေးနိုင်သူတွေဟာ မှတ်ပုံတင်မရဘဲ လနဲ့ချီကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ ပြုလုပ်သူတွေက ပြောပါတယ်။
“၁၈ နှစ်ပြောင်းမှတ်ပုံတင်လုပ်ဖို့ရှိတာ။ ရပ်ကွက်ထဲကို ပန်းခင်းစီမံချက်နဲ့ဆိုပြီး စာရင်း‌ကောက်သွားတာ။ အမြန်လိုချင်ရင် ငါးသောင်းလောက်ပေးရတယ်။ မပေးနိုင်တဲ့သူတွေလည်း ရှိတယ်လေ။ အဲဒီအခါကျ ဦးစီးမှူးလက်မှတ်လိုသေးလို့၊ အစည်းအဝေးသွားနေလို့နဲ့ ရက်အမျိုးမျိုးပြန်ချိန်းတာ။ တစ်လလောက်အထိကြာတယ်။ မစောင့်နိုင်တဲ့အဆုံး ပိုက်ဆံပေးလိုက်မှ ရသွားကြတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်မှတ်ပုံတင်ပြုလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။
လမ်းမတော်မြို့နယ် ၁၅ လမ်းရှိ လဝကရုံးမှာလည်း ၁၈ နှစ်ပြည့်မှတ်ပုံတင်တွေကို တစ်လကျော်ကြာနေပေမဲ့ ထုတ်မပေးဘူးလို့ အဲဒီမှာမြို့ခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။
“ရုံးကိုမေးရင် အရင်ဦးစီးက ဆုံးသွားလို့၊ နောက်ဦးစီးကလည်း သင်တန်းတက်နေရလို့၊ အထက်ကနေလျှောက်လွှာတွေ ပြန်မပို့သေးလို့ဆိုပြီး အကြောင်းအမျိုးမျိုးပြကြတယ်။ အခုဆိုမှတ်ပုံတင်မရတာ အယောက်ရာကျော်နေပြီ။ ဝန်ထမ်းအဆင့်ဆင့်လွှဲချနေကြတယ်။ လူငယ်တွေ အပြင်ထွက်ဖို့အတွက် ဒုက္ခရောက်နေကြရတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် မှတ်ပုံတင်အဟောင်းကနေ မှတ်ပုံတင်အသစ် ပြောင်းမယ့်သူတွေကိုလည်း လဝကဝန်ထမ်းတွေက ငွေညှစ်နေပြီး ငွေမပေးနိုင်တဲ့သူတွေကို အရင် မှတ်ပုံတင်အဟောင်း ပြန်မပေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ လှိုင်သာယာမြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့က အသစ်လုပ်ပေးရင် တစ်သိန်းပေးရမယ် ပြောတယ်။ မပေးနိုင်လို့ အရင် အဟောင်းကို ပြန်တောင်းတော့ ပျောက်နေတယ်ပြောပြီး အချိန်ဆွဲနေတာ ခြောက်လလောက်ရှိပြီ” လို့ ၎င်းက ပြောပါတယ်။
မှတ်ပုံတင်အပြင် Smart Card လုပ်ရာမှာလည်း လဝကဝန်ထမ်းတွေက ‌အချက်အလက်မပြည့်စုံတာတွေ၊ မှားယွင်းတာတွေကို အကြောင်းပြပြီး ငွေကြေးတောင်းခံမှုတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ပြုလုပ်နေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီကတော့ ပြည်သူတွေအနေနဲ့ သက်တမ်းကျော်လွန်တဲ့ မှတ်ပုံတင်တွေကို အသစ်လဲလှယ်ကြဖို့နဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေကို တစ်ခုထက်ပိုပြီး ကိုင်ဆောင်တာတွေ မပြုလုပ်ကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
လက်ရှိ နိုင်ငံအတွင်း ခရီးသွားမယ်ဆိုရင် မှတ်ပုံတင်မပြသနိုင်သူတွေအနေနဲ့ ကားလက်မှတ်ဝယ်မရတဲ့အခက်အခဲအပြင် စစ်ကောင်စီဂိတ်တွေမှာ စစ်သားတွေရဲ့ ဖမ်းဆီးခံရတဲ့အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
🖋ကိုထက်
ဓာတ်ပုံ – လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #မှတ်ပုံတင်