ပန်းဘဲတန်းရှိ တိတ်ရှိန် ရွှေဆိုင်တွင် ဓားပြတိုက်သူများကို ဖမ်းမိ

by

in

ပန်းဘဲတန်းရှိ တိတ်ရှိန် ရွှေဆိုင်တွင် ဓားပြတိုက်သူများကို ဖမ်းမိ
———————————-

ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်း နဲ့ လမ်း ၃၀ ကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန် ရွှေဆိုင်မှာ သေနတ်ပြပြီး ဓားပြဝင်တိုက်သူ အမျိုးသား လေးယောက်ကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဖမ်းမိပြီ ဖြစ်တယ်လို့ တိတ်ရှိန် ရွှေဆိုင်က တာဝန်ရှိသူတစ် ယောက်က One News ကို အတည်ပြု ပြောပါတယ်။
အခင်းဖြစ်စဉ်ကတော့ မတ်လ ၂၃ ရက်၊ မနက် ၉ နာရီအချိန်လောက်က ဆိုင်ရှင် နဲ့ ဆိုင်ဝန်ထမ်းတွေ ရှိနေစဉ် Mask တပ်ထားတဲ့ အမျိုးသား လေးယောက် ဆိုင်အတွင်း ဝင်လာပြီးတော့ တစ်ယောက်က သေနတ်နဲ့ ထုတ်ချိန်ကာ ဆိုင်ရှင် နဲ့ ဝန်ထမ်းတွေကို ကောင်တာနောက်မှာ ထိုင်ခိုင်းပြီး ဓားပြတိုက်သူတွေက ကောင်တာ အတွင်းရှိ ရွှေထည်မျိုးစုံ ၂၀ ကျပ်သားလောက်ကို ယူဆောင်ထွက်ပြေးသွားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းက တစ်ဆင့် စုံစမ်း ဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ အမျိုးသား လေးယောက် ကို ဖမ်းမိပြီး သက်ဆိုင်ရာ ရဲစခန်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း‌ဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
” လေးယောက်စလုံးကို ဖမ်းမိပြီ ဆိုတာဟုတ်ပါတယ်။ ရွှေထည်က ၂၀ ကျပ်သား ပါသွားတာ။ ဘယ်လောက် ပြန်ရသလဲဆိုတာတော့ မသိရသေးဘူး ” လို့ တိတ်ရှိန် ရွှေဆိုင်က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
အခင်းဖြစ်စဉ်မှာ ကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ သေနတ်မှာ ပလတ်စတစ်သေနတ်အတု ဖြစ်တယ်လို့ လည်း ကနဦး သိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။