လားရှိုး နယ်မြေပိုင်းခြားရေး စစ်ကောင်စီနှင့် MNDAA ဆွေးနွေး

by

in

တရုတ်အစိုးရ၏ ဖိအားဖြင့် ကူမင်း၌ စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်သစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးပွဲ ပြန်စရာ လားရှိုးမြို့အား နယ်မြေပိုင်းခြားထိန်းချုပ်ရေးအပေါ် အဓိက ဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။

၃ ရက် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးမှု ပထမနေ့၌ စစ်ကောင်စီ ကိုယ်စားလှယ်က ၎င်းတို့ သတ်မှတ်ထားသည့် လားရှိုး မြို့နယ် နယ်မြေအားလုံး ပြန်ပေးရန် တောင်းဆိုခဲ့ပြီး MNDAA ကိုယ်စားလှယ်ဘက်မှမူ လားရှိုးမြို့ပေါ် ရပ်ကွက် တချို့သာ ပေးအပ်မည်ဆိုခြင်းကြောင့် ရလဒ်တစုံတရာ မထွက်ပေါ်ဘဲ တင်းမာမှု ဖြင့် ပြီးဆုံးခဲ့ကြောင်း လားရှိုး အခြေစိုက် MNDAA ဗဟိုကော်မတီဝင်များနှင့် နီးစပ်သူအမျိုးသားတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “ MNDAA က စစ်ပွဲနိုင်ထားတဲ့သူဖြစ်တဲ့အတွက် စစ်ကောင်စီကို အထက်စီးကနေ ဆွေးနွေးပြောဆိုမှာပဲ။ လားရှိုးမြို့ ပေါ် ရပ်ကွက်တွေပဲ ပြန်ပေးမယ်ဆိုရင် စစ်ကောင်စီ ပြန်ဝင်လာရင်လည်း အန္တရာယ်အရမ်းများတယ်လေ။ သူတို့ (စစ်ကောင် စီ)လည်း လက်ခံမှာ မဟုတ်ဘူး။ MNDAA ဘက်ကလည်း အချိန်တခုဆွဲထားဖို့ လုပ်တာဖြစ်နိုင်တယ်။ နိုင်ငံရေးကစား ကွက်တွေကတော့ မှန်းရခက်တယ်“ ဟု ဆိုသည်။

တရုတ်ဖိအားကြောင့် ပေါ်ပေါက်လာသည့် နှစ်ဖက်ဆွေးနွေးမှုမှ လားရှိုးမြို့ပေါ် ရပ်ကွက်တချို့အား စစ်ကောင်စီထံ အမှန် တကယ် လွှဲပြောင်းမှု ရှိမရှိအပေါ် အတည်မပြုနိုင်သေးဘဲ တရုတ်ဖိအားအပေါ် နိုင်ငံရေးအရ MNDAA မှ ထွက်ပေါက် ရှာနေခြင်းသာဖြစ်နိုင်ကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။

ယခု မတ်လတွေ့ဆုံဆွေးနွေးမှုတွင် တရုတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးပြန်လည်စတင်နိုင်ရန် နှစ်ဖက် ကိုယ်စားလှယ်များအား ဖိအားပေးနေပြီး ဆွေးနွေးမှုပြေလည်မှသာ ကိုးကန့်ဒေသသို့ ဆေးဝါးများ စတင်တင်သွင်းခွင့် ပြုမည်ဖြစ် ကြောင်းနှင့် ပြေလည်မှုမရလျှင် နယ်စပ်ဂိတ်များ ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ရက်အနည်းငယ်အတွင်း MNDAA သတ်မှတ်ထားသည့် ခရိုင် ၄ ခုနှင့် လားရှိုးမှ စစ်ဦးစီး ခေါင်းဆောင်များအား တရုတ်အစိုးရက သီတင်းပတ်တပတ်အကြာ ခေါ်ယူတွေ့ဆုံခဲ့သေးကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲပထမရက်အပြီး လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာ နိုင်ကြောင်း MNDAA တပ်ဖွဲ့ဝင်တချို့က အသိပေးထားသလို မြို့ခံများ အချင်းချင်းကြားတွင်လည်း လေကြောင်းရန် ဂရုပြုရန် နှိုးဆော်နေကြကာ ဆွေးနွေးပွဲရလဒ်အား စိတ်ဝင်တစား စောင့်ဆိုင်းနေလျက်ရှိသည်။

မတ်လ ၂၀ ရက်ညပိုင်းတွင်လည်း လားရှိုးမှ MNDAA တပ်များ ပြန်လည် မဆုတ်ခွာရန်နှင့် တရုတ်အစိုးရ၏ ဝင်ရောက် စွက် ဖက်နေမှုများအား ရပ်တန့်ပေးရန် တောင်းဆိုသည့်ဓာတ်ပုံ၊ စာသားများအား မြို့ခံများ စုပေါင်းထားသည့်သပိတ် လှုပ်ရှားမှုမှ မြို့အနှံ့ လိုက်လံဖြန့်ဝေကာ ပြောက်ကျားသပိတ် လုပ်ဆောင်ခဲ့သေးသည်။

လတ်တလောဆွေးနွေးနေချိန် လားရှိုးမြို့ပေါ်ရှိ MNDAA တပ်ဖွဲ့ဝင်များ စတင်ဆုတ်ခွာနေကြောင်း သတင်းများ ထွက်ပေါ် နေသည့်အပေါ် ဧရာဝတီ မေးမြန်းခွင့်ရသည့် လားရှိုးအခြေစိုက် MNDAA တပ်ဖွဲ့ဝင်နှင့် မြို့ခံ ၅ ဦး၏ ဖြေဆိုချက်အရ MNDAA တပ်များ ဆုတ်ခွာသွားခြင်း မရှိကြောင်း သိရသည်။3

လားရှိုးမြို့ခံ အမျိုးသမီးတဦးက “လောလောဆယ် ကိုးကန့်ရဲ့ ဌာနဆိုင်ရာ အားလုံးက လည်ပတ်နေကြတာပဲ။ ဆေးရုံကြီးဆို လည်း နေ့နေ့ညညလည်ပတ်နေတယ်။ ဆုတ်ခွာသွားတာ အပြောင်းအလဲလုပ်တာ မရှိပါဘူး။ သတင်းမှား ဖြစ်ပါတယ်။ ပြန်ဆုတ်မယ်ဆိုတာလည်း MNDAA ဘက်က လားရှိုးလူထုကို ပြောဆိုတာ မကြားမိသေးပါဘူး“ ဟု ပြောသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မြို့ပေါ် ဒေသခံများ ပုံမှန်သွားလာလှုပ်ရှားနေကြပြီး MNDAA ၏ ယာဉ်ထိန်းရဲ၊ ရပ်ကွက်ရုံး၊ ရဲစခန်း၊ ပြည်သူ့ဆေးရုံနှင့် မြို့မဈေးကြီးများ ပုံမှန်လည်ပတ်နေသည်ကိုမြင်တွေ့ရကြောင်း နောက်ထပ် မြို့ခံ အမျိုးသား တဦးက ဆိုသည်။

အလားတူ လားရှိုးမြို့အား လုံခြုံရေးယူထားသည့် မြို့ဝန်းကျင်ရှိ MNDAA တပ်များ ပြန်လည်ဆုတ်ခွာလာခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ပြန်လည်အခြေစိုက်ထားသည့် မိုင်းရယ်မြို့နှင့် ၅ မိုင်ကျော်အကွာ ဟိုယကျေးရွာလမ်းဆုံလမ်းခွဲဒေသအထိ MNDAA တပ်များ အခြေစိုက်ထားဆဲ ဖြစ်သည်။

လတ်တလော လားရှိုးမြို့တွင် MNDAA အုပ်ချုပ်ရေးယန္တရားများ ဆက်လက်လည်ပတ်နေပြီး ယခုနှစ် သင်္ကြန်ပွဲတော်အား စည်စည်ကားကားကျင်းပမည်ဖြစ်ကြောင်း မြို့ခံများနှင့် တွေ့ဆုံအသိပေးထားကာ မြို့မှ ဆုတ်ခွာမည့် သတင်းများ အပေါ် MNDAA မှတစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထိုဆွေးနွေးပွဲမတိုင်မီ မတ်လ ၁၂ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း နေပြည်တော်သို့ သွားကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲကိစ္စ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ဆောင်ရွက်နေသည့် အခြေအနေ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်မှု ပပျောက်ရေး၊ နယ်စပ်ကုန်သွယ်ရေးများကို ဆွေးနွေးကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။