စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

by

in

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး
မတ် ၂၃၊ ၂၀၂၅
စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး အခြေအနေတွေကို အဓိက ဆွေးနွေးခဲ့တာဖြစ်ပြီး အကျပ်အတည်းထဲ ကျရောက်နေတဲ့ မြန်မာ့အရေးအတွက် အဖြေရှာနိုင်ဖို့ ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ထိုင်းလွှတ်တော်ကော်မတီက စီစဉ်ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။
တိုင်းပြည်ရဲ့ သုံးပုံတစ်ပုံခန့်သာ ထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောလာခြင်းဟာ စိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး စိုးရိမ်ဖွယ် ရာ မတည်ငြိမ်တဲ့ အခြေအနေမှာပြုလုပ်ရင် အန္တရာယ် များနိုင်တယ်ဆိုတဲ့ ကိစ္စရပ်ကိုလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက တင်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အဖွင့်အမှာစကားပြောကြားမှုမှာ မြန်မာနိုင်ငံထဲက စစ်ဘေး ဒုက္ခသည်အရေး၊ စစ်ကောင်စီကို နိုင်ငံတကာမှပိတ်ဆို့အရေးယူမှု၊ အမေရိကန်အစိုးရရဲ့ ထောက်ပံ့ ငွေဖြတ်တောက်မှုကြောင့် ပြည်တွင်းနဲ့ နယ်စပ်ဒေသက ကျန်းမာရေး စောင့်ရှောက်မှုအခက်အခဲ ရင်ဆိုင် နေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။
မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီလထဲမှာ လာရောက်ဖို့လည်း ရှိနေပါတယ်။