အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်

by

in

အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်
မတ် ၂၃၊ ၂၀၂၅
စစ်အာဏာသိမ်းစဉ်ကပင် လက်ရှိအချိန်အထိ စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ပွဲကို နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။
PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို “ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍအလိုက် တတ်သိပညာရှင်တွေ ပါဝင်ဆွေးနွေးမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
NSPNC ၊ EAO တွေနဲ့ နိုင်ငံရေးပါတီတွေ သုံးပွင့်ဆိုင် ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို မတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ နေပြည်တော်ရှိ MICC-2 မှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အာဏာသိမ်း စစ်ကောင်စီက တစ်ဖက်သတ် ကျင်းပလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အတိုက်အခံအင်အားစုတွေကိုတော့ ဖိတ်ခေါ်လေ့မရှိပါဘူး။ ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားမှုအပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နေပြည်တော်မှာ ၂၀၂၅ အလွန် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအကြောင်းဟုဆိုကာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့၊ သံတမန်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသေးတယ်။