ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောင်နေစဉ် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုကြောင့် တိုင်းပြည် တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင်ပြော
မတ် ၂၃၊ ၂၀၂၅
ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေက ပြည်ပရဲ့ ဖိအားပေးမှုတွေကြောင့် ဆက်ပြီးရှိနေတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ အလွန် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီပဋိပက္ခတွေကြောင့် နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသလို စည်းလုံးမှုမရှိရင် ဘယ်နိုင်ငံရေးစနစ်ကမှ စိတ်ချမ်းသာမှု ပေးနိုင်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။
ဗဟုဝင်ရိုးခေတ်ကြီးမှာ ပါဝါအရွေ့တွေ ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာတဲ့အတွက် ပြည်တွင်းတည်ငြိမ်ရေးဟာ အဓိကကျပြီး သတင်းတု သတင်းမှားတွေ တိုက်ဖျက်ဖို့လိုပြီး မီဒီယာအတတ်ပညာ တိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ နိုင်ငံခြားဩဇာအရှိန် သက်ရောက်ရေး ကြိုးစားနေမှုတွေအပေါ်ကိုလည်း တန်ပြန်ဆောင်ရွက်ကြဖို့လိုတယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုပုံစံတွေလည်း ပြောင်းလဲလာတာကို တွေ့ရှိရမှာ ဖြစ်သလို ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း ပိုမိုအရေးပါလာတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် တရုတ်နဲ့ ရုရှားကိုသာ အားကိုးနေရတဲ့ စစ်ကောင်စီက မိတ်ဖက်နိုင်ငံတွေများများရှိရမယ်လို့ ထည့်သွင်းပြောကြားလာတာလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ တော်လှန်ရေးတပ်တွေကို အနောက်နိုင်ငံတွေနဲ့ နိုင်ငံတချို့က ထောက်ပံ့ပေးနေလို့ တိုင်းပြည်က အန္တရာယ်ကျရောက်ခဲ့ရတာလို့လည်း မကြာခဏ ထုတ်ဖော်စွပ်စွဲ ပြောကြားခဲ့ဖူးပါတယ်။
