အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်
မတ် ၂၁၊ ၂၀၂၅
အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
တရုတ်နဲ့ ရုရှားကိုသာ အဓိက မိတ်ဖက်နိုင်ငံအဖြစ် အားကိုးအားထားပြုနေရတဲ့ စစ်ကောင်စီက သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို တိုးချဲ့ရမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီနေ့ မတ်လ၂၁ ရက်နေ့က နေပြည်တော်ရှိ MICC-1 မှာကျင်းပတဲ့ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားမှာထည့်သွင်းပြောကြားလိုက်တာပါ။
နိုင်ငံတကာဆက်ဆံရေးမှာ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုပုံစံတွေလည်း ပြောင်းလဲလာတာကို တွေ့ရှိရမှာ ဖြစ်သလို ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုအရေးပါလာတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် တရုတ်နဲ့ ရုရှားကိုသာ အားကိုးနေရတဲ့ စစ်ကောင်စီက မိတ်ဖက်နိုင်ငံတွေများများရှိရမယ်လို့ ထည့်သွင်းပြောကြားလာတာလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ တော်လှန်ရေးတပ်တွေကို အနောက်နိုင်ငံတွေနဲ့ နိုင်ငံတချို့က ထောက်ပံ့ပေးနေလို့ တိုင်းပြည်က အန္တရာယ်ကျရောက်ခဲ့ရတာလို့လည်း မကြာခဏ ထုတ်ဖော်စွပ်စွဲ ပြောကြားခဲ့ဖူးပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စူပါ ပါဝါအင်အားကြီးနိုင်ငံတွေကို မမှီခိုသင့်ဘူးလို့ ပြောကြားခဲ့ပေမယ့် သူကိုယ်တိုင်က ရုရှားနဲ့တရုတ်ကိုသာ အားပြုပြီး နိုင်ငံတကာရဲ့ဖိအားတွေကြားက နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ရဲ့ အင်တာဗျုးတစ်ခုမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေအပေါ် မိတ်ဆွေနိုင်ငံတွေ မရှိလည်း ရပ်တည်နိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
