စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ
မတ် ၂၁၊ ၂၀၂၅
အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့ ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
ဥပဒေနဲ့အညီ မလုပ်ဆောင်တာကြောင့် နိစ္စဓူဝ ပြဿနာတွေ ဖြေရှင်းနေရပြီး အခက်အခဲတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၂၀ ရက်နေ့မှာ ကလောတပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားလိုက်တာပါ။
ပေါ်တာဆွဲခြင်း၊ စာရင်းမပါဝင်သူတွေကို ထည့်သွင်းခြင်း အစရှိတဲ့ ဥပဒေနဲ့အညီ မလုပ်ဆောင်မှုတွေရှိနေတာကြောင့် စစ်မှုထမ်းကိစ္စအတွက် ဖြေရှင်းနေရတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဝန်ခံပြောကြားလိုက်ပါတယ်။
“ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတချို့ အခက်အခဲ အကျပ်အတည်း ဖြစ်ပေါ် လာပြီး ဒီပြဿနာကို ဖြေရှင်းနေရပါတယ်။ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်တွေ တွေ့ရင် အချိန်နဲ့တပြေးညီ တင်ပြဖို့လိုပါတယ်” လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။
အောက်ခြေမှာ စစ်မှုထမ်းကိစ္စရပ်ကို ဗန်းပြပြီး အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အကျိုးအမြတ် များစွာရရှိနေတဲ့အပေါ်ကိုတော့ ထည့်သွင်းပြောကြားသွားခြင်း မရှိပါဘူး။
အာဏာသိမ်း ဒုစစ် ခေါင်းဆောင်က စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းကာ သတ်မှတ်အရည်အချင်းရှိသူတွေကိုသာ ဥပဒေနဲ့အညီ သင်တန်းတွေဖွင့်ပြီး သင်ကြားပေးနေတယ်လို့လည်း ဝါဒဖြန့် ပြောဆိုပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမျိုးသား စစ်မှုထမ်းတွေကို ခေါ် ဆောင်နေတာဟာ လက်ရှိမှာ အပတ်စဉ် (၁၁) ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အဓမ္မစုဆောင်းခြင်းခံထားရသူ နိုင်ငံတစ်ဝန်း ၁၅၀၀၀ လောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
