သာပေါင်း ကမွန်းချဉ်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးများသယ်ကာ ခမရ ၃၀၈ အနီးတွင် ခံစစ်ပြင်နေရ

by

in

သာပေါင်း ကမွန်းချဉ်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးများသယ်ကာ ခမရ ၃၀၈ အနီးတွင် ခံစစ်ပြင်နေရ
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ သာပေါင်းလေးရွာနှင့် ကမွန်းချဉ်ကုန်းတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့ မတ် ၁၉ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲပြင်း ထန်လာပြီးနောက် စစ်ကောင်စီက လက်နက်ကြီး နှစ်လက်ကို ကမွန်းချဉ်မှ သဲဖြူရွာကို ပြန်သယ်လာပြီး ခံစစ်ပြင်နေကြောင်း သိရသည်။
“တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေပြီးရင် ထိုးစစ်ပိုပြီး ပြင်းထန်လာမယ်ဆိုလို့ ခမရ ၃၀၈ နားက ရွာတွေအကုန်လုံး စိုးရိမ်နေကြတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရတယ်”ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် ရွာအနီးနားရှိ အလုပ်လုပ်ကိုင် နေသူများကိုလည်း ၎င်းတို့ရွာများသို့ ပြန်ခိုင်းနေပြီး ခမရ ၃၀၈ အနီးရှိ ကျေးရွာများမှာလည်း တိုက်ပွဲနီးကပ်လာသဖြင့် စိုးရိမ်ကာ ရွှေ့ပြောင်းရန်ပြင်ဆင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မတ် ၂၀ ရက် နံနက်ပိုင်းက ခမရ ၃၀၈ အနီးဝန်းကျင်တွင် လက်နက်ကြီးအပြန် အလှန်ပစ်ခတ်သံများ ထွက်ပေါ်နေပြီး စစ်ကောင်စီတပ်ဖွဲ့များက တပ်ရင်းအနီး စစ်ကြောင်းထိုးမှုများ ပြုလုပ်လာကြောင်း သိရသည်။
မရမ်းချိုအုပ်စု၊ သံပါတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ရေနံ့သာလမ်းပေါ်ရှိ ဘုန်းကြီးကွင်း တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ရေကြည်မြို့နယ်အစပ် ဘိုးတော်ရွာ၊ ဝါးတောကွင်များဘက်သို့လည်း စစ်ကောင်စီတပ်ဖွဲ့များ လှည့်လည် စစ်ကြောင်းထိုးနေပြီး အင်အားချိနဲ့နေသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ စိတ်ဓာတ်ကျဆင်း နေကြောင်း သိရသည်။
သာပေါင်းမြို့နယ် ကျွန်းလျားကြီးအုပ်စု၊ သဲဖြူအနီးရှိ ကမွန်းချဉ်ကုန်းနှင့် သစ်ဖြူအုပ်စု သစ်ဝမ်းပူ၊ ကျားခေါင်းတို့ကို ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဒေသခံများ စစ်ရှောင်နေသည့် မရမ်းကျင်းရွာများဘက်သို့ပါ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ဒေသခံများ ထပ်မံစစ်ရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်