နိုင်ငံတစ်ဝန်းမှ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်တပ်ဆင်မည်ဖြစ်၍ စစ်တပ်ကို သစ္စာမခံသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို စတင် လဲလှယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လစာ၊အဆောင် အယောင်နှင့်အာဏာ အပြည့်အ၀ ပေးမည်ဟုဆို

by

in

နိုင်ငံတစ်ဝန်းမှ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်တပ်ဆင်မည်ဖြစ်၍ စစ်တပ်ကို သစ္စာမခံသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို စတင် လဲလှယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လစာ၊အဆောင် အယောင်နှင့်အာဏာ အပြည့်အ၀ ပေးမည်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၂၇ .

မြန်မာနိုင်ငံတစ်ဝန်းမှ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်မည်ဖြစ်၍ စစ်တပ်ကို သစ္စာမခံသော ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးများကို စတင် လဲလှယ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများကို ထွေ/အုပ်နှင့် စစ်တပ် ပူးပေါင်း စိစစ်မှုများ လုပ်ဆောင်ပြီး အုပ်ချုပ်ရေးမှူး လဲလှယ်သည့် လုပ်ငန်းစဥ်များကို စတင်နေပြီဖြစ်ကြောင်း ၊ NLD အစိုးရ လက်ထက်မှ စတင်၍ အာဏာသိမ်းစစ်ကောင်စီလက်ထက်အထိ အုပ်ချုပ်ရေးမှူး လုပ်နေသူများ၊ နိုင်ငံရေး အသွေးအရောင် ရှိနေသူများ၊ စစ်တပ်နှင့်ထွေ/အုပ်၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ မလုပ်၊ မရှုပ်၊မပြုတ် အုပ်ချုပ်ရေးမှူးများ၊ NLD ပါတီဝင်များနှင့် ဆက်စပ်မှုရှိနေသော အုပ်ချုပ်ရေးမှူးများကို ဖြုတ်ပယ်ပြီး ကြံ့ဖွတ်ပါတီမှ ပါတီဝင်များ၊ စစ်တပ် သတင်းပေး လုပ်နေသူများကို အုပ်ချုပ်ရေးမှူး အသစ်များအဖြစ် စတင်ခန့်အပ်နေကြောင်း သိရှိရသည်။
“လက်ရှိရပ်ကွက်ကျေးရွာအုပ်ကြီးများထဲမှာ နိုင်ငံရေးအသွေးအရောင်ရှိသူ ၊ အနီနဲ့ ဆက်နွယ်နေသူ၊ မလုပ်မရှုပ်မပြုတ်ဘဲနေပြီး ပူးပေါင်းဆောင်ရွက်မှု မရှိသူတွေကို စတင်ဖြုတ်ပယ်နေပြီ။ နယ်မြေခံစရဖတွေကို နောက်ကြောင်းလိုက်ခိုင်းပြီး ထွေ/အုပ်တွေ့က ဖြုတ်တာပါ” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့များကို ဦးစီးမည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် လစာနှင့်အဆောင်အယောင်များ ရရှိမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာများကိုလည်း အပြည့်အ၀ ပေးအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် လက်နက်ပါ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူ့လုံခြုံရေး အဖွဲ့တွေကို ဦးစီးမယ့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက လစာ အနည်းဆုံး ၃ သိန်းကျော်ပေးဖို့ရှိတယ်။ လက်နက်လည်း တပ်ဆင်ပေးထားမယ်။ လုပ်ပိုင်ခွင့်လည်း အပြည့်အ၀ ပေးဖို့ရှိနေတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့၏ ဦးဆောင်သူများဖြစ်လာမည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နယ်မြေခံစစ်တပ်၊ ရဲတို့နှင့်အတူ လုံခြုံရေးတာဝန်များပါ ထမ်းဆောင်ရမည်ဖြစ်သည့်အပြင် ယူနီဖောင်းအနေဖြင့် ပြည်သူ့စစ်ယူနီဖောင်းကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ကြောင်း သိရှိရသည်။