ငါ့သရောက်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းအနက် သတ်ကွင်းအတွင်း ရောက် လာသည့် စစ်ကြောင်းပျက်စီးပြီး စစ်ကြောင်းမှူးအပါအဝင် ၇၄ ဦးသေဆုံးခြင်းဖြစ်
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲ အတွင်းစစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇၄ ဦးသေဆုံးကာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်နှင့် ပျူပူးပေါင်းစစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်က ထောက်ဝရွာနှင့် အိုရင်းရွာကြားအရောက်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူအဖွဲ့ဝင် ၆၉ ဦးနေရာတွင်ပင် သေဆုံးကြောင်း တိုက်ခိုက်ခဲ့သည့် ပုဂံပြည် ဘီလူးတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ၍ ညောင်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရသည့် စစ်ကောင်စီနှင့် ပျူစောထီး အဖွဲ့ဝင် ၅ ဦးမှာ မတ် ၁၆ ရက်နေ့တွင် ထပ်မံသေဆုံး သွားဖြင့် သေဆုံးသူစုစုပေါင်း ၇၄ ဦးဖြစ်ကြောင်း သိရသည်။
“ငါ့သရောက်မြို့နယ်ထဲကို စစ်ကြောင်းနှစ်ကြောင်းနဲ့ဝင်လာတာ။ စစ်ကြောင်းတစ်ကြောင်းကို အပြတ် ဖြုတ်လိုက်တာပါ။ စစ်ကြောင်းမှူး စောစောစီးစီး ကျသွားပြီး နောက်လိုက်စစ်ခွေးတွေ ပရမ်းပတာ ဖြစ်ပြီးအကုန် ပြေးကြ လွှားကြ ထွက်ပြေးကြရင်း ကျွန်တော်တို့ သတ်ကွင်းထဲမှာရောက်လာပြီး အကုန်သေကုန်တာပါ”ဟု ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် တပ်မ ၈၈ မှဖြစ်ပြီး ပြည်သူ့စစ် အများအပြားပါဝင်ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကြောင်းမှူးသေဆုံးကာ စစ်ကြောင်းပျက်၍ အများအပြားထွက်ပြေးရာမှ သတ်ကွင်းထဲရောက်ကာ စစ်ကြောင်းတစ်ခုလုံးနီးပါးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ်ဖွဲ့မှ သိရသည်။
အဆိုပါ စစ်ကြောင်းမှ တပ်ဖွဲ့ဝင် တချို့မှာ ပြည်သူ့ဆိုင်ကယ်များကိုယူ၍ ငါ့သရောက်ရဲစခန်းဘက်သို့ ထွက်ပြေးသွားခြင်းကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် သေဆုံးသွားသည့် ပျူစောထီးအဖွဲ့ဝင်များ၏ မိသားစုဝင်များကို စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များ ပိတ်ဆို့ထား၍ ထွက်မရသေးဟု လိမ်လည်သတင်းဖုံးဖိထားသည်ကို ဒေသခံများထံက ပြန်လည်ကြားသိရကြောင်း ပုဂံပြည်ဘီလူးတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်၊ BGF (Burmese Guerrila force)၊ တောင်သာမြို့နယ်ပကဖ၊ Scorpion People Defence Force၊ ညောင်ဦးခရိုင်တပ်ရင်း (၅) ၊ မြင်းခြံခရိုင်တပ်ရင်း (၃ ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပိတ်ဆို့ တိုက်ခိုက်မှုတွင် ပုဂံပြည်ဘီလူးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး BGF (Burmese Guerrila force)မှ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- ပုဂံပြည်ဘီလူးတပ်