ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ)
မတ် ၁၉၊ ၂၀၂၅
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။
မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို ထောက်ဝရွာနဲ့ အိုရင်းရွာကြား တိုက်ခိုက်ခဲ့ရာ စစ်သား ၆၉ ယောက်သေခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ညောင်ဦးဆေးရုံသို့ ပို့ဆောင်ဆေးကုသရာ ၅ ယောက်ထပ်မံသေဆုံးတာကြောင့် စုစုပေါင်း ၇၄ ယောက်သေခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်က ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရပြီး Burmese Guerrilla Force ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါ တယ်။
အဲဒီတိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ် ၊ BGF (Burmese Guerrilla Force) ၊ တောင်သာမြို့နယ် ပကဖ ၊ Scorpion People Defense Force ၊ ညောင်ဦးခရိုင်တပ်ရင်း ၅ နဲ့ မြင်းခြံ ခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။