လက်နက်ကိုင်တိုက်ပွဲများ ရပ်တန့်ပေးကြရန် စစ်ခေါင်းဆောင်ပြော
001
မဇ္ဈိမ။ ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်သက်သူများအနေဖြင့် လက်နက်ကိုင်တိုက်ပွဲများရပ်တန့်ပေးကြရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (မတ်လ ၁၉ရက်) ကျရောက်သည့် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောကြားသည်။
ပြည်သူများဒုက္ခရောက်စေပြီး နိုင်ငံကိုအန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူ အကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးလိုကြောင်း စစ်ကောင်စီခေါင်းဆောင် ပြောဆိုထားသည်။
လက်ရှိတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိသည့်နေရာများကိုပါ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးပြီး အဆောက်အအုံများပျက်စီးနေသော်လည်း စစ်ခေါင်းဆောင်က နယ်မြေဒေသအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ၏ တိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံများနှင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုန်းကာ ဆင်းရဲဒုက္ခရောက်နေကြကြောင်း အပြစ်တင်ထားသည်။
စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး သန္နိဌာန်ချမှတ်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ကျင်းပနိုင်ရေးအတွက် လိုအပ်လျက်ရှိသည့် နိုင်ငံတဝန်းတည်ငြိမ်အေးချမ်းမှုရှိစေရေးကို တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းလည်း ဆိုသည်။
ရွေးကောက်ပွဲကို ၂၀၂၅နှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် မတ်လ ၇ ရက်နေ့က ဘယ်လာရုစ်နိုင်ငံခရီးစဉ်အတွင်းပြောခဲ့သည်။
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲဖြစ်လာနိုင်မည်မဟုတ်ဘဲ အကယ်၍ ကျင်းပဖြစ်ပါကလည်း ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် ဒေသအနည်းစုတွင်သေနတ်ထောင်၊ဓားမိုးကျင်းပမည့် ရွေးကောက်ပွဲမျိုးသာဖြစ်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးသမားအချို့က သုံးသပ်ထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ သုံးပုံတပုံကိုပင် စိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် နေပြည်တော်နှင့် ရန်ကုန်တိုင်းမှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးခြင်းများရှိသလို စစ်ကောင်စီထိန်းချုပ်ဒေသများ၊ စခန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးပူးပေါင်းတပ်များကတိုက်ခိုက်နေ၍ တိုက်ပွဲများဖြစ်နေသည်။
နိုင်ငံနှင့်ပြည်သူအကျိုးရှေးရှု၍ တိုက်ပွဲများရပ်တန့်ပေးကြရန် စစ်ကောင်စီခေါင်းဆောင်က ယနေ့ ပြောသော်လည်း ၎င်းတို့လက်လွတ်ထားရသည့် ဒေသများကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟု ၎င်းတို့၏ဝါဒဖြန့်ချိရေးစာမျက်နှာများမှတဆင့် မကြာခဏထုတ်ပြန်နေသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့၊ မန္တလေးတိုင်းမှ မိုးကုတ်နှင့်စဉ့်ကူးမြို့၊ မကွေးတိုင်းမှမြိုင်မြို့၊ စစ်ကိုင်းတိုင်းမှ ကနီမြို့တို့ကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အရပ်သား ၆၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်မတ်လ ၁၈ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ စုစုပေါင်း ၂၈,၈၇၉ ဦးရှိပြီး ထိုအထဲမှ ၂၂,၀၉၄ ဦးသည် ထိန်းသိမ်းခံနေရဆဲဟုနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့်လက်အောက်ခံတပ်ဖွဲ့များကြောင့် တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၆,၄၁၀ဦး ရှိပြီဟု AAPPက ဆိုသည်။
စာတည်း – အေးချမ်း
ပုံအညွှန်း – ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဗထူးတပ်နယ်အတွင်းရှိ စစ်ဆေးရုံသို့ သွားရောက်ကြည့်ရှုသည့် စစ်ကောင်စီခေါင်းဆောင်အားတွေ့ရစဥ်။ (ဓါတ်ပုံ – MOI)
