KNLA စစ်ဦးစီးချုပ် စောဂျော်နီအိမ်အနီး ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲ

by

in

KNLA စစ်ဦးစီးချုပ် စောဂျော်နီအိမ်အနီး ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲ
မဇ္ဈိမ

မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဌာနချုပ်ဝင်းအတွင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီအိမ် အနီးဝန်းကျင်သို့ ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် အသေခံ ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။
ယနေ့နံနက်ပိုင်းတွင် အဆိုပါဌာနချုပ်ဝင်းအတွင်း ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး နံနက် ၃ နာရီ ၄၆ မိနစ်တွင်တကြိမ်၊ ၄ နာရီ ၁ မိနစ်တွင် တကြိမ်နှင့် ၄ ၁၂ မိနစ်တွင် တကြိမ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“တပ်မဟာထဲကို ဒရုန်းဗုံးသုံးလုံး ကျတယ်။ စောဂျော်နီအိမ်ဘေးရော၊ မဲသဝေါဘက်ကပစ်တာ” ဟု ၎င်းက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်၊ တပ်မဟာ (၇) ဌာနချုပ်သို့ ဒရုန်းတိုက်ခိုက်မှုကို ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးကလည်း အတည်ပြုထားပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း KIC သတင်းတရပ်တွင် ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုမှာ တပ်မဟာ (၇) ဌာနချုပ်ကို တတိယအကြိမ်မြောက် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ယခင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နှင့် ယခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် (ကရင်အမျိုးသားတော်လှန်ရေးနေ့) တို့တွင်လည်း အလားတူ အသေခံဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။
မကြာသေးမီ မတ်လ ၁၄ ရက်တွင် တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူလူတူတပ်စခန်းကုန်းကို KNLA နှင့် ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ယခုဒရုန်းတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း – ယခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် (ကရင်အမျိုးသားတော်လှန်ရေးနေ့) က KNU တပ်မဟာ (၇) ဌာနချုပ်ဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့သည့် အသေခံဒရုန်း အစိတ်အပိုင်းအချို့။
ပုံအညွှန်း- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်အချို့ကို တပ်ဖွဲ့နှစ်ပတ်လည်နေ့တွင် တွေ့ရစဉ်။ (Photo- AFP)