စစ်ခေါင်းဆောင်၏ နေအိမ်တွင် ဘန်ကာများ တိုးချဲ့ဆောက်လုပ်ထားပြီး နေပြည်တော်တွင် အထူးခံစစ် ပြင်ဆင်နေ
ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် အထူးခံစစ် ပြင်ဆင်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်တွင်ပါ လုံခြုံရေးတိုးမြှင့်ကာ ဘန်ကာများပါ ဆောက်လုပ် ထားကြောင်း သိရသည်။
စစ်ခေါင်းဆောင်၏ နေအိမ်တွင် ဘန်ကာ ငါးလုံး အခိုင် အမာဆောက်လုပ်ပြီးစီးနေပြီး စစ်ရုံးချုပ် အနီးတွင်ပါ လက်နက်ကြီး၊ သံချပ်ကာယာဉ်များပါ တိုးချဲ့၍ ခံစစ် အတွက် အထူးပြင်ဆင်လျက်ရှိကြောင်း သိရသည်။
“အရင်က စစ်ခေါင်းဆောင်အိမ်မှာ လုံခြုံရေးတပ်ရင်းတပ်ဖွဲ့ပဲရှိတာ။ အခုက ဘန်ကာတွေပါ ဆောက်ထား တယ်။ သူ့အိမ်ပတ်ချာလည်မှာပဲ ဘန်ကာတွေဆောက်ထားတာ။ သူ့ကိုပြန်ဝိုင်းတိုက်မှာ စိုးလို့ ထင်ပါတယ်” ဟုတပ်တွင်း သတင်းများကို စုံစမ်းဖော်ပြနေသည့် CDM စစ်သားဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်က စစ်ခေါင်းဆောင်၏နေအိမ်အတွက် လုံခြုံ ရေးတပ်ရင်းတစ်ခုသာ ထားရှိထားပြီး ယခုနေအိမ်ပတ်လည်တွင် ဘန်ကာများကိုပါ ဆောက်လုပ်ပြီး လုံခြုံရေးတိုးမြှင့် အင်အားတိုးချဲ့ ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ရုံးချုပ်အတွက် လုံခြုံရေးဟုဆိုကာ အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၆) အတွင်း လက်နက်ကြီးများတပ်ဆင်ပြီး ဆက်သွယ်ရေးတူးမြောင်းများတူးကာ ဂျန်ဘာစက်ကြီးများပါ အထိုင်ချထားကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်သည် ပြီးခဲ့သည့် မတ် ၈ ရက်က ပြုလုပ်သည့် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်မှူးသင်တန်းဆင်းပွဲတစ်ခုတွင် “ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် မဟာမိတ်တော်လှန် ရေးအဖွဲ့များ လက်တွဲပါဝင်သည့် အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲကြပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်မည်” ဟု ထည့်သွင်း ပြောဆိုထားသည်။
မန္တလေးတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ပြီးခဲ့သည့် ဒီဇင်ဘာ တတိယ ပတ်မှစတင်ကာ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လုံခြုံရေးယူ စစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ် ၁၄ ရက် ည ၁၂ နာရီခန့်တွင် ၃၇၀၁ မှ PDF များနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖခွဲ ၂ ပူး ပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ၁၀၁ မိုင်အနီးရှိ ဆင်ဇလုပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက် ခိုက်ရာ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ကထုတ်ပြန်ထား သည်။
လက်ရှိတွင် AA ၏ထိုးစစ်မှာလည်း ပဲခူးတိုင်း အနောက်ခြမ်းသို့ရောက်ရှိလာပြီး ပန်းတောင်းမြို့နယ် အတွင်းရှိ တပ်စခန်းများကိုပါ သိမ်းဆည်းထားကာ ကပစစက်ရုံများရှိရာသို့ စစ်ရေးမှာ ဦးတည်နေကြောင်း သိရသည်။
ပုံစာ- ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ခရီးသွားပြည်သူများနှင့် တွေ့ဆုံခဲ့သည့် မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ် (၂၀၂၄ ၊ဒီဇင်ဘာ၊ ၂၃ )
ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်စစ်အုပ်စုနေထိုင်ရာ နေပြည်တော် ဇေယျာသီရိ မြို့နယ်ပြမြေပုံ