Breaking News
ရွှေဆိုင်ဖွင့်ရန် သွားသည့် အမျိုးသမီးကို လူတစုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွား
ရောင်နီ
(မဇ္ဈိမ ) ။ ။ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းက ရွှေဆိုင်ဖွင့်ရန်သွားသည့် အမျိုးသမီးတဦးကို ကားတစီးဖြင့် လူလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများနှင့် မိသားစုနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။
သာကေတမြို့နယ်ရှိ အမှတ် (၁) စျေးတွင် လင်းလက်ရွှေစင်ရွှေဆိုင်အမည်ဖြင့် ဆိုင်ဖွင့်လှစ်ထားသည့် ဒေါ် စန္ဒာလင်း(ခေါ်) မိထုပ်သည် ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်က ၎င်းနေအိမ်ရှိရာ ထူပါရုံ (၂၂) လမ်းမှ စျေးသို့အသွား လမ်းထိပ်၌ အသင့် စောင့်ဆိုင်းနေသည့် လူလေးဦးက ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“မနက်က ဆိုင်ဖွင့်ဖို့ သွားတဲ့အချိန် လမ်းထိပ်မှာ ရပ်ထားတဲ့ Alphard အဖြူကားတစီးပေါ်ကနေ လူ လေးယောက်ဆင်းလာပြီး ဆွဲခေါ်သွားတာ။ သူတို့လုပ်ပုံက မသိရင် သမီးရည်းစားရန်ဖြစ်တဲ့ ပုံစံမျိုးနဲ့ လုပ်ကြတော့ ဘေးကလူတွေကလည်း ဝင်မဆွဲရဲဘူး။ ဝင်တားဖို့လုပ်တဲ့သူကိုလည်း ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့ဆိုပြီး ပြောသွားတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံတဦးက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးသည် သာကေတမြို့နယ် ထူပါရုံ (၂၂) လမ်းရှိ နေအိမ်တွင် တဦးတည်း နေထိုင်သူဖြစ်ပြီး နေ့စဉ် ရွှေဆိုင်သို့ ဆိုက်က္ကား(သို့မဟုတ်) သုံးဘီးဆိုက်တွဲဖြင့် အသွားအပြန်လုပ်လေ့ရှိသူ ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
ထိုသို့ ဆိုင်ဖွင့်ရန် သွားရောက်သည့်အချိန်တိုင်း ရွှေဆိုင်ဖွင့်လှစ်ရန် လိုအပ်သည့် ရွှေထည်ပစ္စည်းများကို နေ့စဉ်သယ်ဆောင်လေ့ရှိသည်ဟု နီးစပ်သူများထံမှ သိရသည်။
“သူက ဆိုင်က ရွှေတွေကို နေ့စဉ် လွယ်အိတ်တလုံးနဲ့ အိမ်ပြန်သယ်လေ့ရှိတယ်။ ဒီနေ့မနက်ကလည်း အဲ့လွယ်အိတ်နဲ့ပဲ ဆိုင်ဖွင့်ဖို့ သွားတဲ့အချိန် အခုလို ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတာ။ သူနဲ့အတူ ရွှေတပိဿာလောက် ပါသွားပါတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
ဒေသတွင်း ပျံ့နှံ့နေသည့် သတင်းအရ လုယက်သူများ အသုံးပြုသည့် မော်တော်ယာဉ်သည် လိုင်စင်မဲ့ ယာဉ်တစီးဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ထူပါရုံ (၂၂) လမ်းသို့ လာရောက်နေသည်မှာ တပတ်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာအနီးတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း- သာကေတမြို့နယ်ရှိ အမှတ် (၁) စျေးတွင် လင်းလက်ရွှေစင်ရွှေဆိုင်အမည်ဖြင့် ဆိုင်ဖွင့်လှစ်ထားသည့် ဒေါ် စန္ဒာလင်း(ခေါ်) မိထုပ် (ပုံပါအမျိုးသမီး) သည် ယနေ့ (မတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန်းကျင်အချိန်က ၎င်းနေအိမ်ရှိရာ ထူပါရုံ (၂၂) လမ်းမှ စျေးသို့အသွား လမ်းထိပ်၌ အသင့် စောင့်ဆိုင်းနေသည့် လူလေးဦးက ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။