စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပြင်းအားမြင့် ဗုံးများ၊ နည်းပညာမြင့် ဒရုန်းများကို ဆက်တိုက်အသုံးပြုနေပြီး အမှတ် ၇ ကပစ စက်ရုံက ပေါက်ကွဲအား ပြင်းထန်သော ဗုံးများ တိုးထုတ်နေ

by

in

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပြင်းအားမြင့် ဗုံးများ၊ နည်းပညာမြင့် ဒရုန်းများကို ဆက်တိုက်အသုံးပြုနေပြီး အမှတ် ၇ ကပစ စက်ရုံက ပေါက်ကွဲအား ပြင်းထန်သော ဗုံးများ တိုးထုတ်နေ
ရန်ကုန်၊ မတ် ၁၄
အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပြင်းအားမြင့် ဗုံးများ၊ ရုရှား နည်းပညာသုံး အဆင့်မြင့် ဒရုန်းများကို အရေအတွက် အများအပြားဖြင့် ဆက်တိုက်အသုံးပြုလာနေသဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များ အထူး သတိပြုရန်လိုအပ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။
စစ်ကောင်စီက ယခင်က တရုတ်လုပ်ဒရုန်းများကို အဆင်မြှင့်တင်၍ အသုံးပြုခဲ့ပြီးနောက် ယခုအခါ ရုရှားလုပ်ဒရုန်းများကိုပါ တိုးမြှင့် သုံးစွဲလာကြောင်း၊ အထူးသဖြင့် ဒရုန်းများတွင် ပေါက်ကွဲအား ပြင်းသော ဗုံးများကို ယခင်ထက် ပိုမို တင်ဆောင် အသုံးပြုလာနိုင်ပြီး အချို့သော ဒရုန်းများမှာ ပျံသန်းချိန်တွင် အသံပင်မကြားရဘဲ တိတ်တ ဆိတ်ပျံသန်းနိုင်မှုများရှိနေကြောင်း၊ ရုရှားနည်းပညာသုံး အဆင့်မြင့် ဒရုန်းများတွင် ညကြည့် မြင်ကွင်းပါဝင်သော ကင်မရာများ တပ်ဆင်လာကြောင်း သိရှိရသည်။
“ဒရုန်းတွေက တစ်ချိန်လုံး အဆင့်မြှင့်တင်နေတယ်။ သင်တန်းရော ပစ္စည်းရောက အသင့်ဖြစ်လာတယ်။ ဒရုန်းဗုံးတွေက ပြင်းအားမြှင့်လာတဲ့အပြင် ဗုံးအလုံးရေ ပိုမို တင်ဆောင်လာနိုင်တယ်။ ဒရုန်းနဲ့ပတ်သက်လို့ နည်းပညာပိုင်းပိုကောင်းလာတယ်။ယမ်းအားမြှင့်ဗုံးတွေ သုံးလာတယ်။ အထူးသတိပြုစေချင်တာကတော့ ညပိုင်း လက် လွတ်စပယ် အိမ်တစ်လုံးတည်းမှာ လူတွေ စုပြုံပြီး အိပ်တာမျိုး၊ PDF တွေ ညအချိန် တစ်နေရာတည်းမှာ ပြွတ်သိပ်နေတာမျိုးက အင်မတန် အန္တရာယ်ကြီးပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီက ဒရုန်းဌာနများ ဖွင့်လှစ်ဆောင်ရွက်နေသည့်အပြင် ပေါက်ကွဲအားမြှင့်တင်သည့် ဗုံးနှင့် ခဲယမ်းများကို တိုးမြှင့် ထုတ်လုပ်ရေး ကပစ ဌာနစိတ်များကိုလည်း တိုးချဲ့ ဖွဲ့စည်းနေကြောင်း၊ ပေါက်ကွဲအားမြှင့် ဗုံးနှင့် ခဲယမ်းများကို ကပစစက်ရုံများတွင်ပင် တိုးမြှင့် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ဒရုန်းဗုံးများကို တိုးမြှင့်ထုတ်လုပ်ရာတွင် ပြည်မြို့နယ်၊ကျောက်အိုးလေးကျေးရွာအနီးရှိ ကပစ ၇ က ထုတ်လုပ်နေခြင်းဖြစ်ပြီး ကပစ ၇ သည် အောင်လံ-ပြည်လမ်း‌၊ ကျော်စွာဓာတ်မြေဩဇာစက်ရုံလမ်းခွဲမှ ဝင်ရောက်ရကြောင်း၊ မှန်ပြတောင်အလွန်တွင် စက်ရုံဝင်သည့် လမ်းရှိကြောင်း၊ ယင်းစက်ရုံတွင် လက်ပစ်ဗုံး၊အီနာဂါ၊ခုံပျံကွဲ၊တင့်ဖေါက်၊ကားမိုင်း၊လူသတ်မိုင်းစသည့် မိုင်းအမျိုးမျိုးအပြင် ပြင်းအားမြှင့်ဒရုန်းဗုံးများကိုပါ တိုးမြှင့် ထုတ်လုပ်နေကြောင်း သိရှိရသည်။
“ကပစ စက်ရုံတွေကို ဒရုန်းဗုံးနဲ့ လေယာဉ်ဗုံးတွေ တိုးမြှင့် ထုတ်လုပ်တာတွေကို အပြိုင်အဆိုင် သုတေသုန လုပ်ခိုင်းတာတွေရှိတယ်။ အခု အန္တရာယ်ရှိတဲ့ ပြင်းအားမြှင့် ထုတ်လုပ်မှုတွေကို ကပစ ၇ ကနေ တိုးထုတ်လုပ်နေပါတယ်။” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- ရုရှားနည်းပညာသုံး အဆင်မြင့် ဒရုန်းများကို လေ့လာနသည့် စစ်ကောင်စီအဖွဲ့ဝင် အကြမ်းဖက် မိုးအောင်။