PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

by

in

PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား
မတ် ၁၃၊ ၂၀၂၅

PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
အထွေထွေထိုးစစ် ဆင်နွှဲပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးဖို့ မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားလိုက်တာပါ။
“ PDF ပကဖနဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ ဖြစ်လိမ့်မယ်။ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။ အဆုံးတနေ့မှာ ဆိုးယုတ်မှု မှန်သမျှ ကျဆုံးပြီး ကောင်းမြတ်ခြင်းအမှန်တရားက အောင်ပွဲခံရမှာ ဖြစ်တယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမယ်” လို့ ဦးရည်မွန်က ဆိုထားပါတယ်။
PDF/ပကဖ ရဲဘော်တွေ CoC နှစ်ရပ်နဲ့ တိုက်ခိုက်မှုစွမ်းရည် အားကောင်းတဲ့ ရဲဘော်တွေအဖြစ် စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့သလို့ လက်နက်ကိုင်အင်အားစုအားလုံး အလံတော်တစ်ခုတည်းအောက်မှာ စုစည်းပြီး ပြည်သူ့တော်လှန်ရေး တစ်ရပ် ဆင်နွှဲဖို့နဲ့ စနစ်ပြောင်းရေးဦးတည်တဲ့ တော်လှန်ရေးဖြစ်တယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်တဲ့ အခါ ရှေ့ပြေး အမြုတေဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့လည်း သူကပြောပါတယ်။
တော်လှန်ရေး အစောပိုင်းကာလတွေအတွင်း တဖက်မှာ တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအဆင့်အနေနဲ့ အင်အားစုစည်းပြီး မဟာ ဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံကို ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။
တတိယအဆင့်အဖြစ် တော်လှန်ရေးအဖွဲ့တွေအားလုံး လက်တွဲပြီး နိုင်ငံအနှံ့မှာ စစ်မျက်နှာအလိုက် ထောင်သောင်းချီတဲ့ အင်အားနဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲကာ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ရတော့မယ်လို့ ဦးရည်မွန်က ပြောကြားထားပါတယ်။