မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော
မတ် ၁၀၊ ၂၀၂၅
အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။
“ထရမ့်မှာ မြန်မာပြည်အတွက် မူဝါဒ ရှိမရှိတော့ မသိရသေးပေမယ့် မြန်မာပြည်ကို လျစ်လျူရှုလိုက်သလို ဖြစ်နေတာတော့ ရှင်းပါတယ်၊ ဒါက သဘောသဘာဝအရ မြန်မာကို တရုတ်ဆီကို လက်လွှတ်လိုက်တာဖြစ်ပြီး တရုတ်အနေနဲ့ လေဟာနယ်တည်ဆောက်ဖို့ ဝင်ရောက်လာမှာဖြစ်တယ်” လို့ SAC-M တည်ထောင်သူ အဖွဲ့ဝင် Yanghee Lee က ကုလသမဂ္ဂ အသိအမှတ်ပြု သတင်းထောက်များအသင်း (ACANU) ရဲ့ ဂျနီဗာမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“မြန်မာ့အရေးကို တရုတ်က အတော်လေးစိတ်ဝင်စားတယ်” လို့ Lee က ပြောပါတယ်။ မြန်မာပြည်မှာ တရုတ်စီမံကိန်းများစွာရှိပြီး လက်ရှိ လည်ပတ်နေတဲ့ လည်ပတ်ချင်နေတဲ့ စီမံကိန်း သုံးပုံနှစ်ပုံက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေကြောင်း သူမက ဆိုပါတယ်။
အဲဒီလို အာဏာအပြောင်းအရွှေ့ကို ဘယ်လိုအကဲဖြတ်သလဲလို့ Anadolu Ajans သတင်းက မေးမြန်းရာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုက ကောင်းသလား ဆိုးသလားဆိုတာကို မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာနဲ့ တိုင်းတာတာဖြစ်ကြောင်း SAC-M တည်ထောင်သူအဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။
“စစ်တပ်ရဲ့ ကျူးလွန်မှုတွေ ဆက်လုပ်သွားနိုင်ဖို့ တရုတ်က ကူညီနေတာဆိုရင်တော့ တရုတ်ရဲ့ လုပ်ရပ်က အပျက်သဘောဆောင်ပြီး မြန်မာပြည်သူတွေက တရုတ်အပေါ် ခါးသီးနေလိမ့်မယ်။ ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ တရုတ်နိုင်ငံက ပံ့ပိုးပေးမယ်ဆိုရင်တော့ မြန်မာပြည်သူတွေက တရုတ်ကို အပြုသဘောမြင်ပြီး အသိအမှတ်ပြု ချီးကျူးလာလိမ့်မယ်” လို့ Sidoti က ဆိုပါတယ်။
“တရုတ်ဟာ ဘက်ပေါင်းစုံကနေ ကစားနေတာကို ကျနော်တို့ မြင်ရတယ်။ တရုတ်အနေနဲ့ အရမ်းကို အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တာကို ကျနော်တို့မြင်ရတယ်။ အရမ်းကို အလွန်အကျူး အပြုသဘောပါဝင်နိုင်ပေမယ့် လောလောဆယ်မှာတော့ နှစ်ဖက်ခွပြီး နေနေတယ်” လို့ သူက ဆိုပါသေးတယ်။
အာဏာသိမ်းပြီး အစောပိုင်းကတည်းက စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ အဓိကပံ့ပိုးပေးထားတဲ့ “ရုရှားရဲ့ အခန်းကဏ္ဍကိုလည်း တရုတ်အနေနဲ့ ဘဝင်မကျဘူး” လို့ သူကပြောပါတယ်။
ဒါပေမယ့် မော်စကိုဟာ ယူကရိန်းစစ်ပွဲအတွင်း သူ့ရဲ့ ကိုယ်ပိုင်စစ်ရေးလိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာပြည်ကို လက်နက်ထောက်ပံ့ရာမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှု လျော့နည်းသွားတယ်လို့ သူကဆိုပါတယ်။
ပုံစာ – တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်
News – AnadoluAgency
