ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည်

by

in

ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည်
🟥စစ်ကောင်စီ၏ အတည်ပြုအလုပ်ခေါ်စာများနှင့် ကျွမ်းကျင်အလုပ်များအတွက် OWIC ကတ် ပြန်ထုတ်ပေးပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အမျိုးသားများကို ပြည်ပအလုပ် လုပ်ခွင့် ဆက်ပိတ်
ရန်ကုန်၊ မတ် ၁၁
မြန်မာနိုင်ငံမှ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများအားလုံးအနေဖြင့် အလုပ် သမားဝန်ကြီးဌာန၏ ခွင့် ပြုချက် ရယူရမည်ဖြစ်ပြီး ခွင့်ပြုသည့် အလုပ်သမားစာရင်းကိုလည်း လေဆိပ်သို့ ကြိုတင်ပေးပို့ထားမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။
PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင် သွားရောက်မည့်သူများသည် OWIC ပြည်ပအလုပ်အကိုင် သက်သေခံကတ် လက်ဝယ်ရရှိပြီးနောက် အလုပ် သမားဝန်ကြီးဌာနထံတွင် ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အလုပ် သမားဝန်ကြီးဌာနက ခွင့်ပြုချက် လျှောက်ထားသူများကို စိစစ်ပြီးနောက် ပြည်ပ အလုပ် အကိုင် သွားရောက်ခွင့်ပြုသည့်စာရင်းကို ကြေညာပေးကာ လေဆိပ်သို့ ပေးပို့ထားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို လာမည့် မတ်လ ၁၇ ရက်နေ့မှ စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
“အရင်တုန်းကတော့ OWIC ကတ်ရှိတယ်။ PJ ပတ်စ်ပို့ရှိတယ်ဆိုရင် တစ်ခါ တည်း ပြည်ပ တန်းထွက်လို့ရတယ်။ အခုကတော့ အလုပ်သမားဝန်ကြီးဌာနခွင့်ပြုချက်ရမယ့်အပြင် လေဆိပ်မှာလည်း ခွင့်ပြုစာရင်း ပါနေမှ ပြည်ပထွက်ခွင့်ရတော့မယ်။ နောက်ထပ် စိစစ်တဲ့ အဆင့်တစ်ဆင့်ထပ်ပိုလာတာ။ OWIC ကတ်ရှိပြီးတာတောင် ပြည်ပကို ထွက်ဖို့ စိစစ်ခွင့်ပြုထားမှ ထွက်လို့ရတော့မယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ရပ်နားထားခဲ့သော OWIC ကတ် ထုတ်ပေးခြင်းများကိုလည်း ပြန်လည် စတင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုထားသည့် အလုပ်ခေါ်စာများပါ အလုပ် အကိုင်များနှင့် ကျွမ်းကျင် အလုပ်သမားကိုသာ စိစစ်၍ OWIC ထုတ်ပေးမည်ဖြစ်ကြောင်း၊ OWIC ကတ် ပြန်လည် ထုတ်ပေးခြင်းများကို မတ်လ ၂၀ ရက်နေ့ ပြန်လည် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
“အထွေထွေ အလုပ်သမားတွေတော့ သွားဖို့ ခက်သွားပြီ။ ကျွမ်းကျင်အလုပ် သမားတွေနဲ့ အလုပ်သမားဝန်ကြီး ဌာနက အတည်ပြု အလုပ်ခေါ်စာ (G to G နှင့် ကျွမ်းကျင်အလုပ်များ) တွေပဲ OWIC ထုတ်ပေးတော့မယ်ဆိုတာ တကယ်ဖြစ်လာတာ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်က ရှင်းလင်းပြောဆိုသည်။
စစ်ကောင်စီက လက်ရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသားလူငယ်များအားလုံး PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့်ကို ဆက်လက် ပိတ်ပင်ရန် ဆက်လက်ဆုံးဖြတ်ထားကြောင်း နေပြည် တော်အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။