စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်ရေး မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်ရာထူးပေးသည့် စနစ်ကြောင့် ဗိုလ်ချုပ်များအကြား အုပ်စုကွဲများစွာ ဖြစ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေ
ရန်ကုန်၊ မတ် ၁၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်း ပုန်ကန်မှုများ မဖြစ်စေရေးအတွက် စီနီယာ၊ ဂျူနီယာအစဉ် အတိုင်းမဟုတ်ဘဲ ၎င်းယုံကြည်စိတ်ချရသူများကို ရာထူးနှင့်တာဝန်များ တိုးမြှင့် ပေးအပ်နေခြင်းကြောင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များအကြား မတူညီသော အုပ်စုကွဲများစွာဖြစ်ပေါ်နေကာ အားပြိုင်ဆိုင်နေကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်က ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားချိန် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး ရာထူးနှင့်တာဝန်ပေးအပ်မှုများ ကို စီနီယာ၊ ဂျူနီယာအစဉ်အတိုင်းမဟုတ်တော့ဘဲ ၎င်း၏ စိတ်တိုင်းကျ အပြောင်းအရွှေ့များ လုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ဘက်ရာထူးနှင့်အရပ်ဘက်တာဝန်များကို ၎င်းကို သစ္စာခံသည့် အငယ်တန်းဗိုလ်ချုပ်များကို ရာထူးတိုးမြှင့်၍ လွှဲပြောင်းပေးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။
ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ရာထူးတာဝန်တချို့ကို DSAစစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို လွှဲပြောင်းပေးနေကြောင်း၊ စစ်တပ်၏ နံပါတ် ၃ ခေါင်း ဆောင် ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် စစ်ဆင်ရေးများအတွက် မင်းအောင်လှိုင်က သူ့ထံသို့ တိုက်ရိုက် အစီရင်ခံခိုင်းပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အခန်းကဏ္ဍကို ဖယ်ရှားထားကြောင်း သိရှိရသည်။
“အခုနောက်ပိုင်း တပ်ချုပ်က ညှိကွပ်( ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း) ကို စစ်ဆင်ရေးနဲ့ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု ကိစ္စတွေ တိုက်ရိုက်ခိုင်းတယ်။ သူ့ဆီကိုပဲ တိုက်ရိုက်အစီရင်ခံခိုင်းတယ်။ ဒုတပ်ချုပ်ကို ဘာမှ ပေးမသိတော့ဘူး။ တပ်ချုပ်နဲ့ ညှိကွပ်နဲ့ တိုက်ရိုက်လုပ်တယ်။ ညှိကွပ်က ဒုတပ်ချုပ်ထက် အပတ်စဉ် အများကြီးငယ်ပေမယ့်လည်း တပ်ချုပ်နဲ့တိုက်ရိုက် အလုပ်လုပ်ရတော့ ဒုတပ်ချုပ်ကို ညှိကွပ်က လေးလည်း မလေးစားဘူး။ ရှိတယ်လို့တောင် သဘောမထားတော့ဘူး” ဟု နေပြည်တော်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မင်းအောင်လှိုင်က စိုးဝင်း၏ ရုံးခန်းနေရာများကို ၎င်းနှင့် ကပ်လျက်မထားတော့ဘဲ သီးခြားပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ယင်းနောက် စစ်ထောက်ချုပ်နှင့် တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) တာ ဝန်ထမ်းပေးထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တပ်မတော်၏ နံပါတ် ၃ အဆင့်ရှိသော ကြည်း ရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ မင်းအောင်လှိုင်က ကျော်စွာလင်းကို ၎င်း၏ အနီးတွင်သာ ခေါ်ယူထားတော့ကြောင်း သိရှိရသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်မတော် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးပေးရန်အတွက် ဗိုလ်ချုပ်ကြီး မောင်အောင်အေး (စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်း ဆင်း) ကို ဖယ်ရှားပြီး ကာကွယ်ရေးဝန်ကြီး အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အပတ်စဉ်တူဖြစ်ပြီး အမြဲခင်ခင်မင်မင် သွားလာမှုများရှိနေကြောင်း သိရှိရသည်။
“အုပ်စုခွဲပြရမယ်ဆိုရင် ကောင်စီတွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ခမည်းခမက်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ကလည်း တစ်ပတ်စဉ်တည်းဖြစ်တော့ ခင်မင်တယ်။ စစ်ဘက်အရပ်ဘက် နှစ်ခုလုံး အရေးပါသူတွေဖြစ်နေတော့ စစ်ဘက်မှာ အခရာကျနေတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို တပ် မတော်ကြည်းရေလေ ညှိနှိုင်းရေးမှူး (ညှိ/ကွပ်)ကနေဖယ်ပြီး အရပ်ဘက်ပို့တာပဲ။ ကာကွယ်ရေးဝန်ကြီး ဆိုတာက လက်ကိုင်တပ်မရှိဘူး။ အရပ်ဘက်ဝန်ကြီးသဘောမျိုးဆန်တယ်။ တပ်ချုပ်က သူစိတ်ကြိုက်ကစားတာ။ Divide & Rule လုပ်တာပေါ့။ အောက်ခြေမှာ အားလုံးညီညွတ်နေရင် သူ့ကို အချိန်မရွေး အာဏာသိမ်းဖယ်ရှားတာမျိုးဖြစ်မှာ သူစိုးရိမ်ပုံရတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ရာထူးဖယ်ရှားခံခဲ့ရတုန်းက အခြေအနေကြည့်ရင် အဲဒီအချိန်က ဒုတပ်ချုပ် ဦးသန်းရွှေနဲ့ အတွင်းရေးမှူး ဦးခင်ညွန့်တို့ ပေါင်းလုပ်ခဲ့ကြတာပဲ။ ဒါမျိုးဖြစ်မှာ သူစိုးရိမ်ပုံရတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်အတွင်းနှင့် တပ်ထောက်ခံသူများအကြား ဒုစစ်ခေါင်းဆောင် စိုးဝင်းအပေါ် လေးစားမှုနှင့်ကြိုက် နှစ်သက်မှုများ ရှိနေသည့်အပေါ် မင်းအောင်လှိုင်က အမြဲစိုးရိမ်တကြီး ရှိနေကာ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် အပတ်စဉ်တူ သူငယ်ချင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုလည်း မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားနေရာရွှေ့ခဲ့သည်။
၂၀၂၃ ဩဂုတ် ၃ရက်နေ့ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။
” ဒုတပ်ချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း နောက်ပိုင်းမှာ အရမ်းတွဲလာတယ်။ ဒါလည်း တပ်ချုပ်က သိပ်ကြိုက်ပုံမရတော့ အပြောင်းအလဲ လုပ်ပြန်တယ်။ အပြောင်းအလဲလုပ်တာတွေကို အခြေခံကြည့်ရင် အပြစ်ရှိလို့လား၊ တာဝန်မကျေလို့လား အဲဒီလိုလည်းမဟုတ်ဘူး သူသဘောမတွေ့ရင် အရွှေ့အပြောင်းလုပ်တာပဲ။ ညီညွတ်နေမှာကို တပ်ချုပ်က မလိုချင်တာပဲ” ဟု ၎င်းက ဆိုသည်။
အခြားစစ်ဘက်သတင်းရင်းမြစ်တစ်ခုကလည်း မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်မှုမှာ အရည်အချင်းပေါ် မူတည်၍ ရာထူးတိုးပေးခြင်းမဟုတ်တော့ဘဲ ၎င်းအပေါ် သစ္စာခံမည့်၊ သစ္စာရှိမည့် အငယ်တန်းဗိုလ်ချုပ်များကို လက်ရုံး လက်မရွံ့များအဖြစ် လက်သပ်မွေးလာခြင်းဖြစ်သည်ဟု ဆိုသည်။
” ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မိုးအောင်တို့က အရပ်ဘက်အုပ်စုပေါ့။ ဗိုလ်ချုပ်ကြီးတွေဖြစ်ပေမယ့် အရပ်ဘက်မှာပဲ။ တပ်အပေါ် ဩဇာလည်း သိပ်မရှိတော့ဘူး။ တကယ်တမ်းကို တပ်တွေကို ကိုင်ထားတာက တပ်ချုပ် ဆွဲတင်ထားတဲ့ အငယ်တန်းဗိုလ်ချုပ်တွေ။ ရာထူးကြီး၊ တပ်ကိုင်ထားတဲ့ အငယ်တန်းဗိုလ်ချုပ်တွေက တစ်အုပ်စု၊ ရာထူးကြီး တပ်လက်ကိုင်မရှိတဲ့ ဝါရင့်ဗိုလ်ချုပ်ကြီးတွေက တစ်အုပ်စု အုပ်စုတွေ ကွဲထွက်နေတယ်။ အကွဲအပြဲဖြစ်တာမျိုးမဟုတ်ပေမယ့်လည်း ကိုယ့်အုပ်စုနဲ့ ကိုယ်နေကြတယ်။ တစ်အုပ်စုနဲ့ တစ်အုပ်စုကလည်း အမှားစောင့်သလိုမျိုး မြင်ရတယ်။ ညီညွတ်မှုကတော့ ပျောက်တယ်” ဟု အခြားစစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ဆရာဖြစ်သော အာဏာရှင်ဟောင်း သန်းရွှေ၏ လုံခြုံ ရေး အစောင့်တပ်များကိုလည်း ဖယ်ရှားခဲ့ပြီး သူစိတ်ချယုံကြည်ရသော စစ်အရာရှိများ ဦးဆောင်သည့် တပ်များဖြင့် အာဏာရှင်ဟောင်း သန်းရွှေ၏ လုံခြုံရေးအတွက် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ကြောင်း၊ အာဏာရှင်ဟောင်း သန်းရွှေ အပေါ် သစ္စာခံနေသည့် ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်အဟောင်းများကိုလည်း သတိဖြင့် ဆက်ဆံစောင့် ကြည့်မှုများရှိနေကြောင်း စစ်ဘက်သတင်းရင်းမြစ်များက အမြင်တူစွာ ပြောဆိုကြသည်။
