ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

by

in

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
မတ် ၁၀၊ ၂၀၂၅
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့က ဒရုန်း (၂) စင်းနဲ့ မနေ့က မတ်လ ၉ ရက် မနက်ပိုင်းမှာ အချိန်ခြားပြီး ဗုံး (၃) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားနဲ့ သယ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးညီညီဇော် တို့ လာရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ပြီးတာနဲ့တပြိုင်နက် ကသုတ်ကရက် ထွက်ပြေးသွားခဲ့‌တယ်လို့ MLA က ဆိုပါတယ်။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၅)၊ (၅၄၆) နဲ့ ဗျူဟာကုန်းရှိ Jammer တွေကြောင့် ဒရုန်းဗုံးသီး လွင့်စင်ခဲ့ရာ တံတားဟောင်းအောက်ဘက်ခြမ်း မူလတန်းကျောင်းအနီးက ဈေးသည်တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်တဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေနဲ့ နီးကပ်စွာ မနေကြဖို့လည်း မွန်ပြည်လွတ်မြောက်ရေးတပ်တော်က အသိပေးပြောကြားထားပါတယ်။