စစ်ခေါင်းဆောင်၏သားပိုငိဆိုင်သည့် ဟိုတယ်များနှင့် ခရိုနီးများ၏ ဟိုတယ်များကို ULA/AA ချိပ်ပိတ် သိမ်းဆည်း

by

in

စစ်ခေါင်းဆောင်၏သားပိုငိဆိုင်သည့် ဟိုတယ်များနှင့် ခရိုနီးများ၏ ဟိုတယ်များကို ULA/AA ချိပ်ပိတ် သိမ်းဆည်း
ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် စိုးမိုးနယ်မြေများမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်နှင့် လုပ်ငန်းများကို AA က ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။
သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်များအပြင် စစ်အုပ်စုက သိမ်းပိုက်ထားသည့် မြေဧကများကိုပါ AA က ချိပ် ပိတ်လိုက်ကြောင်း သိရသည်။
“စစ်ခေါင်းဆောင်ရယ်၊ ဒုစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနဲ့ လက်ဝါးရိုက်ကြီးပွားနေတဲ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေကို အခုရက်ပိုင်းမှာ AA က ချိပ်ပိတ်နေတယ်။ မြောက်ဦးနဲ့ မင်းပြားက လုပ်ငန်းတွေလည်း ချိပ်ပိတ်ခံရတဲ့အထဲပါတယ်လို့ သိရပါတယ်”ဟု ရခိုင်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငပလီတွင်ရှိသည့် စစ်ကောင်စီနှင့် ခရိုနီများပိုင်ဆိုင်သည့် ကြယ်ငါးပွင့်အဆင့်ဟိုတယ်၊ မိုတယ်နှင့် တည်းခို ခန်း ဒါဇင်ကျော်ကို ချိပ်ပိတ်သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် Amata Hotel၊ ဦးအောင်မျိုးမင်းဒင်ပိုင်ဆိုင်သည့် Amazing Hotel၊ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေး၏ သမီး ဒေါ်နန္ဒာအေးပိုင်ဆိုင်သည့် Pristine Mermaid Ngapali Hotel၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားဖြစ် သူ ထွန်းနိုင်ရွှေပိုင်ဆိုင်သည့် Thande Hotel နှင့် အခြားခရိုနီကုမ္ပဏီအုပ်စုများ ပိုင်ဆိုင်သည့် ဟိုတယ် ငါးခုထက်မနည်းကို AA က ချိပ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
AA ထိန်းချုပ်လိုက်သည့် မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲမြို့နယ်များမှ စစ်ကောင်စီနှင့် ခရိုနီများ ပိုင်ဆိုင်သည့် နေအိမ်နှင့် လုပ်ငန်းများကိုပါ ယခုရက် ပိုင်းအတွင်း AA လိုက်လံ ချိပ်ပိတ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် ရခိုင်ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျောက်တောင်၏ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကိုပါ AA က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဦးကျောက်တောင်၏ တောင်ကုတ်မြို့ရှိ နေအိမ်အပါ အဝင် ပိုင်ဆိုင်မှုများ အမေရိကန်ဒေါ်လာ သုံးသန်း ကျော်ချိပ်ပိတ်ခံထားရကြောင်း ဒေသတွင်းသတင်းမီဒီယာ Western News တွင် ဖော်ပြထားသည်။
#ရခိုင် #သံတွဲ #ငပလီ #စစ်ခေါင်းဆောင် #ဒုစစ်ခေါင်းဆောင် #ခရိုနီ #ဟိုတယ် #AA #ချိပ်ပိတ် #Ayeyarwaddy_Times