EAO များ ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် မင်းအောင်လှိုင် ပြောပြန်
🟥 မင်းအောင်လှိုင်နှင့်စစ်တပ်မှာ တရားမဝင် ဖက်ဆစ် အဖွဲ့အစည်း ဖြစ်၍ တိုင်းရင်းသားများအရေး ပြောဆိုပိုင်ခွင့်မရှိဟု KNU တုံ့ပြန်
ရန်ကုန်၊ မတ် ၁၁
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO များအနေဖြင့် ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ ရုရှားခရီးစဉ်မှ အပြန် လေယာဉ်ပေါ်တွင် စစ်တပ်လက်အောက်ခံ မီဒီယာများနှင့်တွေ့စဉ် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းပြောဆိုချက်ကို ယနေ့ မတ်လ ၁၁ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် အကျယ်တဝင့်ဖော်ပြထားသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က EAO များအနေဖြင့် ကိုယ်ဖြစ်ချင်တာများကို မပြောဘဲ လက်တွဲလုပ်ဆောင်ရန် အသင့်တော်ဆုံးအချိန် ရောက်နေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးပေးထားကြောင်း၊ တစ်ဖက်သတ် အခွင့်အရေး ပေး၍မရကြောင်း ပြောဆိုထားသည်။
“EAO တွေကိုလည်း ကျနော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲ ပြောဖို့ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျနော်လည်း ဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ ဒါပေမယ့် ကျနော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျနော်တို့သွားတာကောင်းတယ်။ ကျနော်တို့ တစ်အချက် ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာ ကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲ ကိုယ်ရတယ်။ တစ်ဖက်သတ် အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာကို ကျနော်ပြောလိုတယ်” ဟု မင်းအောင်လှိုင်က ပြောသည်။
တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံးKNU ၏ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ပဒိုစောတောနီးက မင်းအောင်လှိုင်နှင့်စစ်တပ်သည် တရားမဝင်သော ဖက်ဆစ် အဖွဲ့အစည်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ မင်းအောင်လှိုင်နှင့်စစ်တပ်တွင် ပြောဆိုခွင့်မရှိကြောင်း တုံ့ပြန်သည်။
“ဖက်ဆစ်စစ်ခေါင်းဆောင် မအလကနေ ဘာပဲပြောပြော ကျနော်တို့ အတွက်ကတော့ ရှင်းရှင်းလေးပါ။ အာဏာကို မတရားနည်း၊ အကြမ်းဖက် ဖက်ဆစ်နည်းတွေနဲ့ တရားမဝင်ရယူလိုက်ကတည်းက ဒီလူတွေနဲ့ ဒီအဖွဲ့အစည်းတွေက တရားမဝင်တဲ့အဖွဲ့အစည်းတွေဖြစ်သွားပြီ။ တကယ်တော့လည်း လူထုအပေါ် နေ့စဉ်နဲ့အမျှ မာဖီးယားဆန်ဆန် မိုက်ကြေးခွဲ နှိပ်စက်ကလူပြုနေတာတွေကလည်း ရှင်းနေတာပဲလေ။ ဒါကြောင့် သူတို့ ပြုမူ ပြောဆိုလုပ်ကိုင်နေတဲ့အရာမှန်သမျှ ဘာတစ်ခုမှ တရားဝင်တာမဟုတ်လို့ ကျနော်တို့အနေနဲ့ ဘာမှ အလေး ထား ဂရုစိုက်နေစရာမလိုပါဘူး။ သူတို့ ဒီလိုတရားဝင်တဲ့ အဖွဲ့အစည်းတွေမဟုတ်လို့ ဒီလို စကားမျိုးလည်း ပြောပိုင်ခွင့်မရှိပါဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားမှ ပြန်လာပြီးနောက် မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း ကြီး ပွားတိုးတက်လာတော့မည့် ပုံစံဖြင့် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် ဖော်ပြရေးသား ထုတ်လွှင့်မှုများ လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။
Photo Credit- ပဒိုစောတောနီးဓာတ်ပုံမှာ KIC၏ ဓာတ်ပုံဖြစ်ပါသည်။
