မြန်မာနိုင်ငံတွင် ရုရှားက တည်ဆောက်ပေးမည့် ၁၁၀ မဂ္ဂါဝပ် အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ အဆင်မြှင့်တင် တိုးချဲ့ ဓာတ်အား ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထား

by

in

မြန်မာနိုင်ငံတွင် ရုရှားက တည်ဆောက်ပေးမည့် ၁၁၀ မဂ္ဂါဝပ် အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ အဆင်မြှင့်တင် တိုးချဲ့ ဓာတ်အား ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထား
ရန်ကုန်၊ မတ် ၆
မြန်မာနိုင်ငံတွင် ရုရှားက တည်ဆောက်ပေးမည့် မဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ လျှပ်စစ်တိုးချဲ့ထုတ်လုပ် အဆင့်တိုးမြှင့်နိုင်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို သဘောတူညီလက်မှတ်ရေးထိုးထားကြောင်း ရုရှားသတင်းဌာနများက သတင်းဖော်ပြသည်။
မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီ လက်မှတ်ရေးထိုးချက်အရ မြန်မာနိုင်ငံတွင် ၁၁၀ မဂ္ဂါဝပ် အသေးစားနူကလီးယားဓာတ်ပေါင်းဖိုကို ရုရှားက တည်ဆောက်ပေးမည်ဖြစ်ပြီး သဘောတူညီချက်များတွင် နှစ်နိုင်ငံအကြား အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းကမ်းချက်များပါဝင်ကြောင်း၊ ထို့ပြင် အသေးစားနူကလီးယား ဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ စွမ်းဆောင်ရည်ထပ်မံ တိုးချဲ့ နိုင်ရန်လည်း သဘောတူညီထားကြောင်း သိရှိရသည်။
ရုရှားနှင့်မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို Rosatom ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး မျိုးသိန်းကျော်တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး အဏုမြူနှင့် ဓာတ်ရောင်ခြည် ဘေး အန္တရာယ် ကင်းရှင်းရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။
ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီက မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၂၀၀ ထုတ်လုပ်နိုင်သော လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ရုရှားနိုင်ငံတွင် အလည်အပတ်ရောက်ရှိနေခြင်းဖြစ်သည်။