မြင်းခြံမြို့နယ်တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး သံချပ်ကာကား ၂ စီး ပျက်စီး (ရုပ်/သံ)
ရန်ကုန်၊ မတ် ၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး သံချပ်ကာကား ၂ စီး ပျက်စီးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံ-နဘူးအိုင် လမ်းပိုင်းပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို ၂ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သံချပ်ကာကား ၂ စီး ပျက်စီးကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။
တိုက်ပွဲ ဖြစ်ပွားချိန်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့် ဗိုလ်မိုက်ခဲ အဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ Anyar Federal Task force ၊ MGN Danger Dynamite နှင့် မြင်းခြံမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။