အင်းတော်မြို့ရဲစခန်း၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်၊ ရဲစခန်း အချူပ်ခန်းမှ အချုပ်သား ၁၆ ဦးထက်မနည်းကို ကယ်ထုတ်

by

in

အင်းတော်မြို့ရဲစခန်း၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်၊ ရဲစခန်း အချူပ်ခန်းမှ အချုပ်သား ၁၆ ဦးထက်မနည်းကို ကယ်ထုတ်
ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရဲစခန်း၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ရဲစခန်း အချူပ်ခန်းမှ အချုပ်သား ၁၆ ဦးထက်မနည်းကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အင်းတော်မြို့မရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်သားနှင့်ရဲများ အားလုံး အင်းတော်မြို့ အခြေစိုက် စစ်တပ်အတွင်းကို ပြောင်းရွှေ့သွားပြီး ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော် မြို့မရဲစခန်းအတွင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကာ အချုပ်သားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“တိုက်ပွဲက ၁၆ ရက်နေ့ကတည်းက စတာ၊ စတဲ့နေ့ကတည်းကပဲ အင်းတော်ရဲစခန်းမှာရှိတဲ့ ရဲနဲ့စစ် သားတွေက အင်းတော်စစ်တပ်ကုန်းကို ရွှေ့သွားတာ အဲလိုရွှေ့သွားလို့ မနေ့က မနက်ပိုင်းမှာပဲ တော် လှန်ရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရေးလုပ်တာမှာ စစ်သားနဲ့ ရဲတွေက အချုပ်သားတွေကို ဒီအတိုင်းပဲ ချုပ်ထားပြီး စစ်တပ်ကုန်းကို ရွှေ့သွားတယ်ဆိုတာ မြင်ပြီး ကယ်ထုတ်နိုင်ခဲ့တာ အချုပ်သား ကတော့ ၁၆ ယောက်လောက်ရှိမယ်။ နိုင်ငံရေးအကျဉ်းသားတွေက ပါလား မပါလား မပြောတတ် သေး ဘူး။ အင်းတော်မှာရှိတဲ့နိုင်ငံရေး အကျဉ်းသားတော်တော်များများကိုတော့ ကသာထောင်ကို ပို့လိုက်ပြီ နောက်မှ ဖမ်းမိတဲ့ဟာတွေတော့ရှိတယ်။ နောက်မှ ခရီးသွားတွေကို ဖမ်းတာတွေရှိတယ်။ အင်းတော်စစ်တပ်ဂိတ်မှာ မသင်္ကာလို့ဆိုပြီး ဖမ်းမိတဲ့ခရီးသွားတွေကို ချုပ်ထားတာတွေရှိတယ်။ အဲဒီအချုပ်သားတွေကလေ အဲတာတွေဖြစ်လောက်တယ်” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၆ ရက်နေ့က နဘားလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို လည်းကောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် နဘားကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်စခန်းကိုလည်းကောင်း တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး အင်း တော်မြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်း လက်ရှိအချိန်အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းပစ်ကူဖြင့် ခုခံနေကြောင်း သိရသည်။
“အင်းတော်စစ်တပ်ကုန်းမှာတော့ လက်ရှိအချိန်အထိတိုက်ပွဲဖြစ်နေတုန်းပဲ ကျွန်တော်တို့ အင်းတော်မှာတော့ လေကြောင်းတွေက အဆက်မပြတ် တိုက်ခိုက်နေတာ အင်းတော်မှ မဟုတ်ဘူး၊ ထီးချိုင့်၊ ပင်လည် ဘူးဘက်မှာလည်း လေကြောင်းကနေ တိုက်ခိုက်နေရတယ်လို့ သိရပါတယ်” ဟု မြေပြင် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို KIA ၊ ABSDF နှင့် အမှတ် ၁ စစ်ဒေသ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။