◼မောင်ရွှေလေး ရေတပ်စခန်း အတိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြား သေဆုံး ◼စစ်ကောင်စီရေတပ် ဖွဲ့စည်းပုံပျက်စီးပြီး ထွက်ပြေးသူ များပြား

by

in

◼မောင်ရွှေလေး ရေတပ်စခန်း အတိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြား သေဆုံး
◼စစ်ကောင်စီရေတပ် ဖွဲ့စည်းပုံပျက်စီးပြီး ထွက်ပြေးသူ များပြား
CJ Platform

ရခိုင်ပြည် သံတွဲမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရေတပ်က ဗိုလ်မှူးဖြိုးမောင်မောင်အပါအဝင် ရေတပ်သား ဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်ဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့အတွက် လက်နက်နဲ့ကျည်တွေ မလုံလောက်တာကြောင့် အကျအဆုံးများပြားနေတာလို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ ရိက္ခာတင် သင်္ဘောတစ်စင်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ဗိုလ်မှူးဖြိုးမောင်မောင်ကျတယ်၊ သူ့မှာ ကလေးနှစ်ယောက်ကျန်ခဲ့တယ် ၊ မိသားစုဝင်တွေကို အခုထိ သူသေတာကို အသိမပေးဘူး၊ သပြုချိုင်မှာ ရှိနေတဲ့ ရေတပ်သင်္ဘောတွေလည်း အပစ်ခံရတယ်”လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်ဟာ ဖွဲ့စည်းပုံပျက်စီးနေပြီး တပ်တွင်း အမိန့်မနာခံမှုတွေ ၊ တပ်သားတွေ ထွက်ပြေးမှုတွေ နေ့စဉ်ရှိနေပြီး စစ်ခေါင်းဆောင်တွေ မသိရှိရအောင် သတင်းအချက်အလက်တွေ ဖုံးကွယ်ထားတယ်လို့ သိရပါတယ်။
“မြင်းခြံဆီမီးခုံဆိပ်ကမ်းကို ရေတပ်သင်္ဘောလွှတ်တယ်၊ အပေါ်ကထိန်ဝင်းက တလွဲတွေလုပ်နေတော့ CO က အမိန့်ကို မနာခံတော့ဘဲ သင်္ဘောကို စွန့်ခွာပြီး ထွက်ပြေးသွားတယ်၊ ဖွဲ့စည်းပုံ မရှိသလောက် ပျက်နေပြီ”လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် တပ်မတော်ရေဟာ ရေတပ်ချုပ်အဖြစ် လေးဦးအထိ အပြောင်းအလဲရှိခဲ့ပြီး ဒါဟာ မြန်မာစစ်တပ်ရဲ့ သမိုင်းတလျှောက် ကာလတိုအတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေ အများအပြားကို ပြောင်းလဲခန့်ထားတာပဲ ဖြစ်ပါတယ်။
🖋စကားဝါ
ဓာတ်ပုံ – AA
ပုံစာ – အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည့် စစ်သင်္ဘောတစ်စင်းကို မြင်ရပုံ (ပုံဟောင်း)