မုံရွာမှာ စစ်အုပ်စုက တမြို့လုံး ပတ်ပြီး ထင်တိုင်းကျဲ ပေါ်တာဆွဲ ဖမ်းဆီးနေ၊ မုံရွာတောင်ဘက်က ရွာတွေမှာလည်း စစ်အုပ်စု ပေါ်တာဆွဲနေလို့ ဒေသခံတွေ ထွက်ပြေးနေရ၊

by

in

မုံရွာမှာ စစ်အုပ်စုက တမြို့လုံး ပတ်ပြီး ထင်တိုင်းကျဲ ပေါ်တာဆွဲ ဖမ်းဆီးနေ၊
မုံရွာတောင်ဘက်က ရွာတွေမှာလည်း စစ်အုပ်စု ပေါ်တာဆွဲနေလို့ ဒေသခံတွေ ထွက်ပြေးနေရ၊
MN/MFP၊ ဩဂုတ် – ၂၅
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ ဒီမနက်ပိုင်းက စလို့ စစ်အုပ်စုက တမြို့လုံးပတ်ကာ ထင်တိုင်းကျဲ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရတဲ့ လူငယ်လူရွယ် (၅၀)ဦး ထက်မနည်း ရှိတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဒီကနေ့ ဩဂုတ်လ(၂၅)ရက် မနက်ပိုင်းက စတင်ကာ မုံရွာမြို့ပေါ် လမ်းဆုံလမ်းခွတွေနဲ့ ရပ်ကွက်တွေထဲအထိ စစ်အုပ်စုက အိမ်စီးကားတွေနဲ့ စီးနင်းဝင်ရောက်ကာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
မုံရွာမြို့ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့ ရတနာပုံ၊ အင်းရွာသစ် စတဲ့ ရပ်ကွက်တွေ စီးနင်းခံရပြီး လူငယ်တွေ ပေါ်တာဆွဲ ခံရသလို မုံရွာမြို့တွင်း လမ်းဆုံလမ်းခွတွေမှာ စစ်အုပ်စုနဲ့ပျူတွေက နေရာယူပြီး လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ၊ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ လုပ်နေလို့ မြိုကခံတွေ အိမ်အပြင်မထွက်ရဲဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“မုံရွာက ဒီကနေ့ အတော်လေးကို အခြေအနေ ဆိုးတယ်လို့ ပြောလို့ရတယ်။ (စစ်အုပ်စုက) အိမ်စီးကားတွေနဲ့ ပတ်ပြီးတော့ လူငယ်တွေကို ရပ်ကွက်ထဲအထိ ဝင်ဆွဲနေတာ။ ရပ်ကွက်တွေကတော့ အစုံပဲ ရတနာပုံ၊ အင်းရွာသစ်၊ သိင်္ဂီရပ်ကွက် အစုံပါပဲ။ မြို့ပေါ်မှာလည်း လမ်းမတွေပေါ်မှာ အသွားအလာ မရှိသလောက် ဖြစ်နေတာ”လို့ မုံရွာမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ရပ်ကွက်တွေထဲက တွေ့သမျှ လူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲသလို လူငယ်တွေရဲ့ ဆိုင်ကယ်တွေကိုပါ မောင်းယူသွားတယ်လို့ မုံရွာ ရပ်ကွက် ကင်းထောက်များအဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ မုံရွာမြို့ပေါ်သာမက မုံရွာမြို့ တောင်ဘက်ခြမ်းရှိ မုံရွာ-အမြင့် လမ်းဘေးက ကျေးရွာတွေကို စီးနင်းပိတ်ဆို့ကာ ပေါ်တာဆွဲ ဖမ်းဆီးသလို လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းဆီး ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ တောင်ဘက်အထွက်၊ မအူဂိတ်နဲ့ ညောင်ပင်သာ ဂိတ်အစောင့် စစ်အုပ်စုက မုံရွာ – အမြင့်လမ်းနဲ့ ကားလမ်းဘေး ကျေးရွာတွေကို စီးနင်းကာ ပေါ်တာဆွဲနေလို့ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးနေလို့ မုံရွာ-အမြင့် လမ်းပိုင်း ယာယီ ပိတ်ထားပြီး ပြည်သူတွေ အသွားအလာ မလုပ်ဖို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက အသိပေး ထုတ်ပြန်ထားပါတယ်။
“မနက်က မအူဂိတ်ကနေ အနောက်ဖက်ကို (စခ) စစ်ကြောင်း ဆင်းတယ်။ အဲဒီ စစ်ကြောင်းကနေ ဖမ်းတယ်လို့ ပြောတယ်။ ညောင်ပင်သာ ဂိတ်ကနေလည်း ဖမ်းနေတယ်လို့ ပြောတယ်ဗျ။ ရွာအချို့က ဒေသခံတွေလည်း ပြေးနေရတယ် ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ ပေါ်တာဆွဲ နေတာတွေကတော့ ဟုတ်တယ်ဗျ။ မုံရွာ-အမြင့် လမ်းပိုင်းကလည်း ပိတ်ထားတုန်းပဲ အခုထိ”လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
မုံရွာမှာ စစ်အုပ်စုက မကြာခဏ ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ဖမ်းဆီးငွေညှစ်တာတွေကြောင့် လူငယ် အများစု မြို့မှာ မနေရဲဘဲ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မတ်လက စတင်ပြီး စစ်အုပ်စုက နိုင်ငံတဝန်းက လူငယ်လူရွာ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး လက်ရှိမှာ အလွယ်တကူ စစ်သားသစ် စုဆောင်းလို့ မရတော့တာကြောင့် ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းစက မုံရွာမြို့လယ် နာရီစင်ကို တွေ့ရစဉ်/Photo – CJ
#Mandalay_Free_Press_MFP