ထီးချိုင့်၊ သပိတ်ကျင်း၊ ပင်လည်ဘူး၊ အင်းတော် မြို့သိမ်း တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေးအင်အားစုများ ထောင်ချီ ပါဝင်တိုက်ခိုက်

by

in

ထီးချိုင့်၊ သပိတ်ကျင်း၊ ပင်လည်ဘူး၊ အင်းတော် မြို့သိမ်း တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေးအင်အားစုများ ထောင်ချီ ပါဝင်တိုက်ခိုက်
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ရက်

ထီးချိုင့်၊ သပိတ်ကျင်း၊ ပင်လည်ဘူး၊ အင်းတော် မြို့သိမ်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပကဖ အင်အား ထောင်ချီ ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယခု ဩဂုတ်လ တတိယပတ်အတွင်းက စတင်တိုက်ပွဲဖော်ဆောင်လာသည့် ထီးချိုင့်၊သပိတ်ကျင်း၊ ပင်လည်ဘူး၊ အင်းတော် မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပကဖ အင်အားထောင်ချီပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“PDF၊ ပကဖ တွေဟာ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနိုင်လာတဲ့ အထိ စစ်ရေးစွမ်းရည် ထက်မြက်လာတာကို ဒီတိုက်ပွဲတွေက ပြသနေပါတယ်။ မကြာခင်ကာလ မှာ မြန်မာနိုင်ငံ အတွင်းပိုင်း ဒေသတွေမှာ မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွဲလာတော့မှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ- မန္တလေးတိုင်းက ထုတ်ပြန်ပြောထားသည်။
ဒေသကာကွယ်ရေး PDFတပ်ပေါင်းစုသည် ပြီးခဲ့သည့် ဩဂုတ် ၂၁ရက်နေ့က ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့်အတူ တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၂၂တွင် ထီးချိုင့်မြို့ တစ်ဖက်ကမ်း မြတောင်ရှိ စစ်ကောင်စီ တပ်စခန်း ခုနစ်ခုကို သိမ်းယူနိုင်ခဲ့သည်။
စစ်ကောင်စီ၏ ဘန်ကာအခိုင်အမာ ကာကင်းစခန်းအထပ်ထပ်ရှိသော မြတောင်စခန်းကို သိမ်းယူရာတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာနှင့် ဗုံးအလုံး ၂၀၀ နီးပါးကြဲချကာ ပေါင် ၅၀၀ ဗုံးများဖြင့်ပါ ခုခံ တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ပကဖများအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ အာရက္ခတပ်တော်(AA) တို့ပါ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#ထီးချိုင့် #သပိတ်ကျင်း #ပင်လည်ဘူး #အင်းတော် #မြို့သိမ်းတိုက်ပွဲ #ဒေသကာကွယ်ရေးတပ်ဖွဲ့ #PDF #ပကဖ #အင်အားထောင်ချီ #Ayeyarwaddy_Times