ရေစကြိုမှာ တစ်ပတ်အတွင်း စစ်စခန်းနှစ်ခုကို တိုက်ခိုက် သိမ်းပိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိပြီး စခန်းတွေကို မီးရှို့ဖျက်ဆီး ရှင်းလင်း၊

by

in

ရေစကြိုမှာ တစ်ပတ်အတွင်း စစ်စခန်းနှစ်ခုကို တိုက်ခိုက် သိမ်းပိုက်၊
လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိပြီး စခန်းတွေကို မီးရှို့ဖျက်ဆီး ရှင်းလင်း၊
ကိုထူး/MFP၊ ဩဂုတ် – ၂၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာ ပျူစခန်းနဲ့ မအူရွာ နယ်မြေရဲစခန်းတို့ကို ယခု တစ်ပတ်တာ အတွင်း စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိသလို စခန်းတွေကို မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် (ပကဖ) တာဝန်ခံ ရဲဘော် ဝေကြီးက MFP ကို ပြောပါတယ်။
ဩဂုတ်လ(၂၁)ရက်‌က ရေစကြိုနယ် ဟင်္သာရွာ ပျူစခန်းကို (၁၀)ရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ကာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ(၂၄)ရက်မှာလည်း ရေစကြိုနယ် မအူရဲစခန်းကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ဟုတ်တယ်ဗျ။ မြို့နယ်-ပကဖ အနေနဲ့ တစ်ပတ်အတွင်း စခန်းနှစ်ခု ရအောင် သိမ်းခဲ့တာပေါ့။ ဟင်္သာကတော့ ရေစကြိုမြို့ရဲ့ တောင်ဘက် ကျတာပေါ့။ မအူကတော့ ရေစကြိုမြို့ရဲ့ မြောက်ဘက်ကပါ” လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
‌ဟင်္သာရွာ ပျူစခန်းမှာ အမြဲတန်း အထိုင်ချ တပ်စွဲနေတဲ့ စစ်အုပ်စုနဲ့ပျူ အင်အား(၃၀)ခန့် ရှိသလို ဒေသတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု အင်အား(၅၀)ခန့်ပါ ရောက်ရှိနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ကာ စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
“(၁၀)ရက်ကျော်လောက် ကြာတယ်။ ဟင်္သာကို တိုက်ရတာ။ ဟင်္သာကတော့ ပျူရွာပေါ့ဗျာ။ တပ်စွဲထားတာပေါ့။ စစ်ကြောင်းကလည်း အဲဒီမှာ ဝင်လာတာ ရှိတယ်။ ရေတွေကလည်း တက်နေတဲ့ အချိန်ဆိုတော့ ကျွန်းထဲ ရေဝင်တဲ့ အပိုင်းဆိုတော့ ပတ်ချာလည်မှာ ရေတွေရှိနေတာ။ သူတို့မှာ ထွက်ပေါက်ကလည်း နှစ်ပေါက် သုံးပေါက်ပဲ ရှိတာပေါ့နော။ ကျွန်တော်တို့က ဘန်ကာလိုမျိုး ကျင်းတွေ တူးပြီးတော့ စောင့်တိုက်တာပေါ့ဗျာနော။ ဘယ်လိုမှ မရတော့တဲ့ အဆုံး (စစ်အုပ်စု) ဆုတ်ခွာပြီးတော့ ထွက်ပြေးကြတာပေါ့”
ဟင်္သာရွာ ပျူစခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု ခြောက်ယောက်ခန့် သေပြီး (၁၀)ယောက်ခန့် ဒဏ်ရာရကာ အထိအခိုက် အကျအဆုံး များစွာနဲ့ စခန်းကို စွန့်ခွာထွက်ပြေးသွားကြတာလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ဟင်္သာရွာ ပျူ‌စခန်းကို သိမ်းပိုက်ကာ နယ်မြေရှင်းလင်းရေး လုပ်ပြီးနောက် ပျူစခန်း အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်အုပ်စု အင်အား (၃၀)ခန့် အထိုင်ချ တပ်စွဲနေတဲ့ ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ(၂၄)ရက် မနက်ပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ရာ နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပြီးနောက် စစ်အုပ်စု ထွက်ပြေးလို့ စခန်းကို သိမ်းပိုက်ရရှိတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
“(မအူရဲစခန်းကို) ဝိုင်းထားတာကတော့ ကျွန်တော်တို့ (ည) (၁၂)ကျော်လောက် ကတည်းက ဝိုင်းထားတာ။ ဖြစ်တာက‌ (မနက်) (၂)နာရီလောက်မှာ စတာပေါ့၊ စပြီး (၄)နာရီလောက်ကျတော့ ရွာဘက်ကနေ မြစ်ဘက်ဆင်းပြီး ဆင်ဖြူရှင် တံတားဘက်ကို ထွက်ပြေးကြတာ‌ပေါ့”
အဲ့ဒီ မအူရဲစခန်းသိမ်း တိုက်ပွဲကနေ (M-79) အမျိုးအစား သေနတ် တစ်လက်၊ ဂျမ်မာ စက်ကြီး တစ်လုံး၊ (၆၀မမ) လက်နက်ကြီးကျည် ခြောက်ဖူး၊ အီနာဂါ လေးလုံး၊ ကျည်၊ မိုင်း၊ မီးစက်တစ်လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရမိတယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါတယ်။
ဟင်္သာရွာ ပျူစခန်းကို ရေစကြို-ပကဖ က ဦးဆောင်ကာ နွေဦးစည်သည်‌ ရေလယ်ကျွန်းဒေသ စစ်ကြောင်း၊ UURF နဲ့ ဒေသခံ တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မအူနယ်မြေရဲစခန်းကိုတော့ ရေစကြိုမြို့နယ်-ပကဖ၊ ပခုက္ကူခရိုင် အမှတ်(၉) တပ်ရင်း၊ Salingyi Special Task Force (SSTF) ၊ မြိုင်(ပ.က.ဖ) ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်း တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရေစကြိုနယ် ဟင်္သာရွာ ပျူစခန်းနဲ့ မအူရဲစခန်းသိမ်း တိုက်ပွဲတွေက သိမ်းဆည်း ရရှိတဲ့ လက်နက်နဲ့ စခန်းတွေကို မီးရှို့ဖျက်ဆီး ရှင်းလင်းစဉ်/Photo – ရေစကြို ပကဖ
#Mandalay_Free_Press_MFP